မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အဓိက လက်နက်ထုတ်လုပ်ရေး အခြေစိုက်စခန်းများနှင့်ထောက်ပံ့ရေး လမ်းကြောင်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက နှစ်သစ်ကူးကာလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်တပ်၏ လက်နက်ထုတ်စက်ရုံ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်များကို နှစ်သစ်ကူးကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပခုက္ကူခရိုင်စစ်ဌာနက ယမန်နေ့(ဇန်နဝါရီလ ၁ ရက်)တွင် ထုတ်ပြန်ထားသည်။

ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတ်တိုင်များအား မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပခုက္ကူခရိုင်စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းခွဲဖျက်ဆီးလိုက်သည့် ဓာတ်တိုင်အရေအတွက်နှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

လက်နက်ထုတ် စက်ရုံကို တိုက်ခိုက်ခြင်း၊ ထိုစက်ရုံလည်ပတ်နိုင်ရန် သွယ်တန်းထားသည့် ဓာတ်တိုင်များကို ဖျက်ဆီးနိုင်ခြင်းတို့သည် စစ်ရေးအရ အရေးပါသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီမှ ကိုစိုးထွဋ်ဝင်းကပြောသည်။

“စစ်တပ်အတွက် ကပစ တွေက တော်တော်လေးကို အရေးပါတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒီကပစတွေကနေ ပြည်သူတွေကိုဒုက္ခပေးနိုင်တဲ့ ကိစ္စတွေ၊ ပြည်သူတွေကို စစ်ဘေးရှောင်ရအောင် ပစ္စည်းတွေထုတ်ပေးနေတာ။ စစ်တပ်ကို ထောက်ပံ့နိုင်တဲ့ကိစ္စတွေကို အမြန်ဆုံးဖြတ်တောက်နိုင်မှသာလျှင် စစ်ရေးအရအသာစီး ရမှာဖြစ်ပါတယ်”ဟု ကိုစိုးထွဋ်ဝင်းက ပြောသည်။​

အလားတူ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁၊ ကပစ ၂၂ နှင့် ပေါက်မြို့နယ်အတွင်းရှိ ကပစ ၂၄ တို့ဆီသို့ သွယ်တန်းထားသည့်ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုလည်း တပြိုင်နက်တည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၃ ရက်တွင်လည်း ဆိပ်ဖြူမြို့မြောက်ဘက် မိုင် ၃၀ အကွာရှိ ကပစ ၂၂နှင့် ထိုနေရာသို့ လျှပ်စစ်သွယ်တန်းထားသည့် ဓာတ်တိုင်များကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကပစ ၂၁ သည် ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ အကွာရှိ ပေါက်ခုံကျေးရွာနှင့် ငှက်ပြာကြီးကျေးရွာအနီးတွင် တည်ရှိပြီး စစ်တပ်အတွက်လေယာဉ်ဗုံးများ အဓိကထုတ်လုပ်သည့် လက်နက်စက်ရုံဖြစ်သည်။​ ကပစ ၂၂ သည် စစ်ကော်မရှင်တပ်၏ အထူးတပ်ဖွဲ့သုံးရိုင်ဖယ်အမျိုးအစားဖြစ်သည့် Mark 1, Mark 2, Mark 3, Mark 4 လက်နက်ငယ်များကို အဓိကထုတ်လုပ်သည့် စက်ရုံဖြစ်သည်။

ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ဆိပ်ဖြူမြို့နယ်မှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို ဒေသတွင်းရှိ ကာကွယ်ရေးတပ်များစုပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြစဉ် လက်နက်ရှစ်လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနကဆိုသည်။

ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသည့် စစ်ကားလေးစီးကို လာရောက်ကြိုဆိုသည့် ကားများကို ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံး၍ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး 79 အမျိုးအစားစက်သေနတ်တစ်လက်၊ MA-1လေးလက်၊ MA-3 သုံးလက်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

ဆိပ်ဖြူမြို့တောင်ဘက် နှစ်မိုင်ကျော်ရှိ သံဇလုံရွာတွင် အထိုင်ချထားသည့် စစ်တပ်စစ်ဆေးရေး ဂိတ်ကိုလည်း ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁၊ ပခုက္ကူခရိုင် PDF တပ်ရင်း အမှတ် (၄)နှင့် (၁၉) တို့ပူးပေါင်း၍ ဒီဇင်ဘာလ ၂၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပခုက္ကူခရိုင်စစ်ဌာနက ဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *