အကြမ်းဖက် စစ်တပ်နဲ့ သူတို့ရဲ့ ထောက်ခံသူတွေဟာ မြို့ခံ ဂရုတွေထဲမှာ ၆၈၀၀ စားတွေနဲ့ နည်းမျိုးစုံ ရိုက်သွင်းနေတဲ့ ဝါဒဖြန့်စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ “မြို့သိမ်းရင် မြို့ပျက်လိမ့် မယ်” ဆိုတဲ့ အယူအဆပါ။ ကျွန်တော်တို့ သေချာ စဉ်းစားကြည့်ရအောင်။ တကယ်တမ်း မြို့တွေကို ဖျက်ဆီးနေတာ ဘယ်သူလဲ။ တော်လှန်ရေး တပ်တွေက သူတို့ အုပ်ချုပ်ရမယ့်၊ သူတို့ မိဘဆွေမျိုးတွေ နေထိုင်တဲ့ မြို့တွေကို ဖျက်ဆီးမလား။ တကယ်တမ်း မြို့ပျက်အောင် လုပ်နေတာက မြေပြင်မှာ စစ်ရှုံးလို့ လူမဆန်စွာ ရမ်းသမ်းဗုံးကျဲနေတဲ့ အကြမ်းဖက် စစ်တပ်ပဲ ဖြစ်ပါတယ်။
ကောလင်းမြို့၊ ခါမ်းပါတ်မြို့ စတဲ့ မြို့တွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်စဉ်က မြို့ဟာ အကောင်းအတိုင်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့ကို ပြည်သူတွေ အေးအေးချမ်းချမ်း မနေနိုင်အောင် လေယာဉ်နဲ့ ဗုံးကျဲတယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒါဟာ မြို့သိမ်းလို့ မြို့ပျက်တာမဟုတ်ဘဲ “မစားရတဲ့ အမဲ သဲနဲ့ပက်” ဆိုတဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ ဖျက်ဆီးတာပါ။ တော်လှန်ရေး တပ်တွေ ယာယီ ပြန်ဆုတ်ခွါတဲ့ မြို့တွေ ကြည့်ရင် အဲဒါမျိုး ဖျက်ဆီးခဲ့တာတွေ မရှိတာ မြင်ရပါလိမ့်မယ်။
ကရင်နီကို ဥပမာ ကြည့်ပါ။ မြို့တွေဟာ စစ်မီးကြောင့် ပျက်စီးခဲ့ရပေမဲ့ အဲဒီက ပြည်သူတွေရဲ့ စိတ်ဓာတ်ဟာ ပြိုလဲမသွားဘူး။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ တင်မက အခုဆို တက္ကသိုလ်တွေပါ ဖွင့်လှစ်ပြီး CDM လုပ်ခဲ့တဲ့ ကျောင်းသားတွေကို ပညာဆက်လက် သင်ပေးကာ ဘွဲ့တွေတောင် ပေးနေပါပြီ။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ မွန်းကြပ်စွာ နေရတာထက်၊ ကိုယ့်မြေကိုယ့်ရေမှာ လွတ်လပ်စွာ ရှင်သန်ရတာက ပိုပြီး ဂုဏ်သိက္ခာရှိတယ်ဆိုတာ သူတို့ သက်သေပြနေကြပါတယ်။
ကျွန်တော် ကိုယ်တိုင် ၂၀၂၁ ကတည်းက ကိုယ့်အိမ်၊ ကိုယ့်ရာကို စွန့်လွှတ် ခဲ့ရတဲ့သူ ဖြစ်လို့ အိမ်တစ်လုံးရဲ့ တန်ဖိုးကို ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ အိမ်တစ်လုံး ပျက်စီးသွားရင် ကျွန်တော်တို့ ပြန်ဆောက်လို့ ရပါတယ်။ လမ်းတံတားတွေ ပျက်ရင် နောက်အစိုးရလက်ထက်မှာ ပြန်ပြင်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သားသမီးတွေ၊ မျိုးဆက်သစ်တွေသာ အာဏာရှင်လက်အောက်မှာ ကျွန်ဖြစ်သွားမယ်ဆိုရင် အဲဒီ ဘဝတွေကို ဘယ်တော့မှ ပြန်ဝယ်လို့ မရတော့ပါဘူး။
စစ်အုပ်စုက မြို့ပျက်မှာကို ကြောက်အောင် ခြောက်နေတာဟာ သူတို့ အာဏာတည်မြဲဖို့အတွက် ကျွန်တော်တို့ကို ဓားစာခံ လုပ်ထားတာပါ။ ကျွန်တော်တို့က မြို့ပျက်မှာကို ကြောက်ပြီး အညံ့ခံနေမယ်ဆိုရင်၊ သူတို့က ကျွန်တော်တို့ကို တစ်သက်လုံး ဖိနှိပ်သွားမှာပါ။ အမှောင်ဆုံးအချိန်ဟာ ရောင်နီမလာခင် အချိန်ပါပဲ။ မြို့သိမ်းတိုက်ပွဲတွေဆိုတာ လွတ်မြောက်ခြင်းရဲ့ တံခါးပေါက်တွေပါ။ ပျက်စီးဆုံးရှုံးမှု အချို့ ရှိနိုင်ပေမဲ့ အဲဒီနောက်မှာ ရရှိလာမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်က ပိုပြီး တန်ဖိုးရှိပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုကို အကြောက်တရားနဲ့ မတုံ့ပြန်ပါနဲ့။ ငါတို့မြို့ကို ငါတို့ တော်လှန်ရေးတပ်တွေနဲ့အတူ ပြန်လည် တည်ဆောက်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ရင်ဆိုင်ပါ။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသွားတဲ့နေ့ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ မြို့သစ်တွေ၊ ဘဝသစ်တွေ ပြန်လည် ရှင်သန်မယ့်နေ့ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အောင်ရပါမယ်။ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်ရပါမယ်။
Zin Thaw Naing
ကသာ တင်မက ဘယ်မြို့ဘယ်ရွာကိုမှ ငါတို့ကလည်း မပျက်စေချင်ဘူး…
ဒါကြောင့်မို့ စစ်တပ်ဘက်ကသတ္တိရှိရင် မြို့တွေရွာတွေ အပြင်ကိုထွက်နေ
မြို့တွေထဲ မပုန်းကြေး
လူသားဒိုင်းမကာကြေး
စခန်းကျရင် အနားကမြို့ရွာပေးကြေး
အဲ့လိုဆွဲမလား ရဲလား…
Moe Thway

Leave a Reply