မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က စတင်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီးကို လက်နက်ကြီးကျည် ၃ ကြိမ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း အရှေ့ပိုင်း ဆေးရုံအနီး တပ်စွဲထားသော စစ်သားများ ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း လက်နက်ကြီးကျည်များသည် အေးမြဖြူ စက်ချုပ်ဆိုင် အနီးတွင်လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။
“ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်း ဆေးရုံအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေရှိတဲ့ နေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးတော့ စစ်ခွေး ၅ ကောင် သေတယ်လို့ သိရတယ်။ ပထမ အလုံးကတော့ အေးမြဖြူ စက်ချုပ်ဆိုင် အနီးကိုကျတယ်။ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတော့ ထိခိုက်တာတွေတော့မရှိဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) က ဒီဇင်ဘာလ ပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။


Leave a Reply