စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းအထိ စျေးတင်ရောင်း
အကြမ်းဖက်စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်း မဖြစ်မနေ နိုင်ငံတော်အလံများ စိုက်ထူရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်း အထိ စျေးတင်ရောင်းချနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း မကွေးနှင့် ရန်ကုန်မှ ပြည်သူများက ပြောဆိုသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလ ၄ ရက်နေ့ လွတ် လပ်ရေးနေ့ နေအိမ်တိုင်း အလံစိုက်ထူရမည်ဟုဆိုကာ အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းဖြင့် ရောင်းချပြီး ပြင်ပမှ အလံများကို ဝယ်ယူခွင့်မပြုကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အလားတူ မကွေးမြို့၊ အောင်မေတ္တာ (ခ) ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် သိန်းထိုက်က နေအိမ်တိုင်း လွတလပ်ရေးအထိမ်းအမှတ် အလံစိုက်ထူရမည်ဖြစ်ပြီး အလံမလွှင့်သော နေအိမ်များကို နိုင်ငံ တော် အလံဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ အလံစိုက်ထူရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် အလံများ လာရောက်ဝယ်ယူကြရန် အသံချဲ့စက်ဖြင့် ခြိမ်းခြောက် ခေါ်ယူနေကြောင်း သိရှိရသည်။
“အလံတွေကို အသေးကစပြီး အကြီးအထိ ၂ သောင်းခွဲကနေ စတယ်။ ၂ သောင်း ၇ ထောင်၊ ၂ သောင်း ၉ ထောင်က တော့ ဆိုက်ကြီးပေါ့။ အပြင်က မဝယ်ရဘူး။ ရပ်ကွက်ရုံးက အလံပဲ ဝယ်ရမယ်ဆိုပြီးလုပ်တယ်။ ပြည်သူတွေမှာ စားဝတ်နေရေးကျပ်တည်းရတဲ့အထဲ နေအိမ်မှာ အလံမလွှင့်မနေရဆိုပြီး ခြိမ်းခြောက်ခံနေရတယ်” ဟု အောင်မေတ္တာ (ခ) ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် စစ်ကိုင်းမြို့ပေါ်တွင်လည်း နေအိမ်တိုင်း လွတ်လပ်ရေးနေ့ အလံစိုက်ထူရန် သိရှိကြောင်း လက် မှတ်ထိုးခိုင်းပြီး အလံတစ်ခုလျှင် ငွေကျပ် ၁၉၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်အထိ အမြင့်ဆုံးစျေးဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရောင်းချနေကြောင်း သိရှိရသည်။
ထို့အတူ မန္တလေးမြို့ပေါ်တွင်လည်း လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံမလွှင့်ထူသော နေအိမ်ကို ဒဏ်ငွေ ၁ သိန်း အထိ ဒဏ်ရိုက်မည်ဟုဆိုကာ ခြိမ်းခြောက်နေသဖြင့် ရပ်ကွက်ရုံးများက စျေးတင်ရောင်းချနေသော အလံများကို အလုအယက် ဝယ်ယူနေရကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။


Leave a Reply