ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းပိုက်နိုင်ရေးနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု

မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မန္တလေးဒေသအတွင်းရှိ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် ဒေသအချို့တို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် တိုက်ခိုက် သိမ်းယူသွားတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ၂၀၂၄ နှစ်လယ်ပိုင်းမှာ စဉ့်ကူးမြို့နယ်လုံးကျွတ် အပါအဝင် မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ သပိတ်ကျင်းမြို့နယ် ဒေသအချို့၊ မန္တလေး – သပိတ်ကျင်း ကားလမ်းတို့ကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တစ်နှစ်ကျော်ကြာ ထိန်းချုပ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်နယ်မြေတွေ ပြန်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

“အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အဆိုပါ နယ်မြေများကို အကြမ်းဖက် စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်သွားသည့်အတွက် ဒေသခံများ အပါအဝင် ပြည်သူလူထု အပေါင်းကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အနူးအညွတ် တောင်းပန်အပ်ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။

လက်ရှိမှာ ယာယီ ဆုတ်ခွါပေးထားခြင်းသာ ဖြစ်ပြီး နယ်မြေတွေ ပြန်ရရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်မယ်လို့လည်း MDY-PDF က ဆိုပါတယ်။

“ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် လက်လွတ်ခဲ့ရသော နယ်မြေများကို ညီနောင် တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲကာ ပြန်လည် သိမ်းပိုက်နိုင်ရေး အပါအဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကို ပြည်သူလူထု ထံသို့ လေးနက်ခိုင်မာစွာ ကတိသစ္စာပြုအပ်ပါသည်”

စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် ၂၀၂၄ ဩဂုတ်လကုန်ပိုင်က စတင်ပြီး မြေပြင်၊ ဝေဟင်၊ ရေပြင် (ဧရာဝတီမြစ်ကြောင်း) နည်းလမ်းမျိုးစုံသုံးကာ တန်ပြန် ထိုးစစ်တွေ အပြင်းအထန် ဖော်ဆောင်ခဲ့လို့ MDY-PDF အနေနဲ့ ညီနောင် နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲကာ အချိန် (၁၈) လကျော် တစ်နှစ်ခွဲတိုင် မဆုတ်တမ်းခံစစ်အနေနဲ့ ခုခံကာကွယ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

“အဆိုပါ ဒေသများကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေစဉ်ကာလနှင့် ခုခံစစ် ကာလများ အတွင်း အသက်၊ သွေး၊ ချွေးပေါင်းများစွာ ထည့်ဝင်ပေးဆပ်ကာ စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သည့် ရာပေါင်း များစွာသော တော်လှန်ရေးစစ်သည် အပေါင်းအား ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အစဉ် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်”

MDY-PDF နဲ့ ညီနောင်နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေဟာ အဲ့ဒီ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကာကွယ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြပေမယ့် စစ်ဗျူဟာ သဘောအရ စစ်ဦးကျွံနေမှု၊ စစ်အုပ်စုရဲ့ အဖက်ဖက် သာလွန်အင်အားနဲ့ တန်ပြန် ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်တွေ အနားမရဘဲ စစ်ပန်းလာမှုနဲ့ တိုက်ပွဲဝင် လူအင်အားနဲ့ လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုတွေကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် နယ်မြေအချို့တို့ကနေ ခွါစစ်ဆင်ကာ ယာယီအားဖြင့် ဆုတ်ခွါပေးခဲ့ရတာ ဖြစ်တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MDY-PDF အနေနဲ့ နယ်မြေတွေကို စိုးမိုးထိန်းချုပ်ထားစဉ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ညီနောင် တော်လှန်ရေးအင်အားစုများနဲ့အတူ ပူးပေါင်းကာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်တွနဲ့အညီ လိုက်နာ ဖော်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းနိုင်ရေး ပံ့ပိုးကူညီခဲ့သလို ဆက်လက်ပြီးတော့လည်း ပြည်သူလူထုကို တတ်နိုင်သမျှ ကူညီ ပံ့ပိုးမယ်လို့လည်း MDY-PDF က ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်

၁။ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ၁၀၂၇ စစ်ဆင်ရေး (ပထမပိုင်း) နှင့် ရှမ်း-မန်း စစ်ဆင်ရေး (၁၀၂၇ စစ်ဆင်ရေး – ဒုတိယပိုင်း) တို့တွင် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ညီနောင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်း မြို့သိမ်းထိုးစစ်များ ဟန်ချက်ညီညီ လက်တွဲဖော်ဆောင်ခဲ့ပြီး မန္တလေးဒေသတွင်းရှိ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် ဒေသအချို့တို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါသည်။

၂။ ကျွန်ုပ်တို့အနေဖြင့် အဆိုပါ စိုးမိုးထိန်းချုပ်နယ်မြေများ၌ ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်ရာတွင် ညီနောင် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့ပါသည်။

၃။ တဖက်တွင်လည်း အကြမ်းဖက် စစ်အုပ်စုသည် မန္တလေးမြို့နှင့် နီးကပ်လျက်ရှိသော ယင်းနယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခု၊ ဩဂုတ်လနောက်ပိုင်းမှစ၍ မြေပြင်၊ ဝေဟင်၊ ရေပြင် (ဧရာဝတီမြစ်ကြောင်း) နည်းလမ်းမျိုးစုံသုံးကာ တန်ပြန်ထိုးစစ်ကြီးများ အပြင်းအထန် ပြန်လည်ဖော်ဆောင်ခဲ့သည်ကို ကျွန်ုပ်တို့သည် ညီနောင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့်လက်တွဲကာ အချိန် (၁၈) လကျော်တိုင် မဆုတ်တမ်းခံစစ်ဖြင့် ခုခံကာကွယ်ခဲ့ပါသည်။ဘပ

၄။ အဆိုပါ ဒေသများကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေစဉ်ကာလနှင့် ခုခံစစ်ကာလများအတွင်း အသက်၊ သွေး၊ ချွေးပေါင်းများစွာ ထည့်ဝင်ပေးဆပ်ကာ စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သည့် ရာပေါင်းများစွာသော တော်လှန်ရေးစစ်သည်အပေါင်းအား ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အစဉ် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၅။ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ညီနောင်နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် ယင်းစိုးမိုးထိန်းချုပ်နယ်မြေများကို ကာကွယ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြပါသည်။ သို့သော် ယခုအခါတွင် စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ အကြမ်းဖက် စစ်အုပ်စု၏ အဖက်ဖက် သာလွန်အင်အားဖြင့် တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်များ အနားမရဘဲ စစ်ပန်းလာမှုနှင့် တိုက်ပွဲဝင်လူအင်အားနှင့် လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုများကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် နယ်မြေအချို့တို့မှ ခွါစစ်ဆင်ကာ ယာယီအားဖြင့် ဆုတ်ခွါပေးခဲ့ရပါသည်။

၆။ ဤဒေသများအတွင်း အကြမ်းဖက် စစ်အုပ်စု၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း ဒေသခံပြည်သူလူထု ဘေးလွတ်ရာသို့ ရွေ့ပြောင်းတိမ်းရှောင်နိုင်ရေးအတွက် ကျွန်ုပ်တို့အနေဖြင့် တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့သလို ဆက်လက်ဆောင်ရွက်သွားမည်လည်း ဖြစ်ပါသည်။

၇။ အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အဆိုပါနယ်မြေများကို အကြမ်းဖက် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်သွားသည့်အတွက် ဒေသခံများအပါအဝင် ပြည်သူလူထုအပေါင်းကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အနူးအညွတ် တောင်းပန်အပ်ပါသည်။

၈။ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် လက်လွတ်ခဲ့ရသော နယ်မြေများကို ညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲကာ ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကို ပြည်သူလူထုထံသို့ လေးနက်ခိုင်မာစွာ ကတိသစ္စာပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

(အထူးလှုပ်ရှားတပ်မ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *