❝မာဒူရို (သို့မဟုတ်) ပြည်သူလူထုရဲ့ပိုက်ဆံ – နိုင်ငံ့ငွေကြေးကို အိမ်သာသုံးစက္ကူလောက်တောင်မတန်အောင် လုပ်ခဲ့တဲ့သမ္မတ❞
ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) နဲ့ဇနီးကို အမေရိကန်က ယနေ့မှာပဲ စစ်ဆင်ရေးတစ်ခုနဲ့ ဖမ်းဆီးခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းကို ထရမ့်ကသူ့ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်တာဟာ လက်တင်အမေရိကတင်မကဘဲ တစ်ကမ္ဘာလုံးက စွမ်းအင်စျေးကွက်နဲ့ သံတမန်ရေးရာလောကကိုပါ ကိုင်လှုပ်သွားတာဖြစ်ပါတယ်။
လာမဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲအပြီးမှာ ဒီကိစ္စမှန်မမှန်နဲ့ ဘယ်နည်းဘယ်ပုံ ကြက်ကလေးငှက်လေးဖမ်းသလို ဖမ်းသွားတာလဲဆိုတာ သိရမှာဖြစ်ပါတယ်။
နောက်တစ်ခုက ရုရှားဒုံးကျည်နဲ့ပြည်ပအကူအညီလက်နက်တွေပိုင်ဆိုင်ထားပါတယ်ဆိုတဲ့ ဗင်နီဇွဲလားလေကြောင်းကာကွယ်ရေးက ဘာမှမလုပ်နိုင်ခဲ့ဘူးလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ဒါဟာ ဟူးဂိုးချားဗက်စ် (Hugo Chávez) ကွယ်လွန်ပြီးနောက်ပိုင်း ဒေသတွင်းမှာ အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး – မျိုးဆက်တစ်ခုစာလောက် ဗင်နီဇွဲလားကို အာဏာရှင်စနစ်နဲ့ပုံဖော်ခဲ့တဲ့ခေါင်းဆောင်မျိုးဆက်တစ်ဆက် နိဂုံးချုပ်သွားတာပဲ ဖြစ်ပါတယ်။
မာဒူရိုဟာ ကမ္ဘာ့ရေနံသယံဇာတ အများဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို ၁၃ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့ရာမှာ –
နိုင်ငံစီးပွားရေးပြိုလဲမှု၊ ငွေကြေးဖောင်းပွမှု၊
▪️သန်းနဲ့ချီတဲ့ လူထုပြည်ပကို ထွက်ပြေးရတာတွေနဲ့အတူ
▪️ရွေးကောက်ပွဲမသမာမှု၊
▪️ပြည်သူလူထုကိုဖိနှိပ်မှုမျိုးစုံနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုသူ့ကို အမေရိကန်ကဖယ်ရှားလိုက်ပြီဆိုရင် – ပြည်တွင်းစစ်တပ်နဲ့ ရုရှား၊တရုတ်နဲ့ အီရန်တို့လို ပြည်ပနိုင်ငံတွေကိုပဲအားကိုးပြီး တည်ဆောက်ထားတဲ့ အာဏာရှင်စနစ်ကြီးလည်း အဆုံးသတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မာဒူရိုရဲ့ ဘဝနောက်ခံကို ကြည့်ရင် သူဟာ ၁၉၆၂ မှာ ကာရာကတ်စ်မြို့က သာမန်အလုပ်သမားမိသားစုကနေ မွေးဖွားလာတာပါ။
အထက်တန်းပညာရေးကို မသင်ခဲ့ရပဲ အလုပ်သမားလှုပ်ရှားမှုတွေကနေ သူ့ဘဝက နေရာရလာတာဖြစ်ပါတယ်။
သာမန်ဘတ်စ်ကားဒရိုင်ဘာဘဝကနေ သမ္မတဖြစ်လာတဲ့အထိ အခြေခံလူတန်းစားကလာတဲ့သူဆိုတဲ့ အချက်ကိုပဲ ပုံဖော်ပြီး ပညာမတတ်တာကိုကြွားစရာတစ်ခုအဖြစ် လူပြိန်းကြိုက် နိုင်ငံရေးမှာ အသုံးချခဲ့ပါတယ်။
သူအသက် ၂၀ ကျော် ကားဒရိုင်ဘာလုပ်စဉ်က လမ်းတွေပျက်နေတာ၊ ကားပိတ်တာ၊ စီးပွားရေး အကျပ်အတည်းတွေကြားမှာ ရုန်းကန်ခဲ့ရတာတွေက သူ့ကို နိုင်ငံရေးအမြင်တွေ ရှိလာစေပါတယ်။
ကားဂိတ်တွေမှာ အလုပ်သမားတွေ စုပြီး အစိုးရကို မကျေနပ်တာတွေ၊ ဆိုရှယ်လစ်ဝါဒတွေ ဆွေးနွေးရင်းကနေ အလုပ်သမားသမဂ္ဂထဲ ရောက်လာပြီး ကျူးဘားရဲ့ တော်လှန်ရေးဝါဒတွေ စိမ့်ဝင်လာခဲ့တာပါ။
အဲဒီကွန်ရက်တွေကနေတစ်ဆင့် ၉၀ ပြည့်လွန်နှစ်တွေမှာ စစ်တပ်ကလာတဲ့ ဟူဂိုချားဗက်စ်နဲ့ ဆုံခဲ့ပါတယ်။
သမ္မတဟောင်းဟူဂိုချားဗက်စ်ကို ဘုရားတစ်ဆူဂူတစ်လုံးကဲ့သို့ကိုးကွယ်ပြီး ချာဗက်စ်ရဲ့လူယုံအဖြစ် ပညာမတတ်ပေမဲ့ လက်ဖက်ကောင်းကောင်းထုပ်တတ်ခဲ့ပါတယ်။
၁၉၉၈ မှာ ချားဗက်စ် ဗနီဇွဲလားသမ္မတဖြစ်လာတော့ မာဒူရိုဟာလည်း လွှတ်တော်ထဲ ရောက်ရှိလာပြီး ချားဗက်စ်ရဲ့အယုံကြည်ရဆုံး လူယုံတော် ဖြစ်လာခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့အခါ ဗင်နီဇွဲလားကို အမေရိကန်နဲ့ အနောက်အုပ်စုဆီကနေ ဝေးရာကို တွန်းပို့ပြီး တရုတ်၊ ရုရှား၊ အီရန်၊ ကျူးဘားတို့နဲ့ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။
တရုတ်က ချေးငွေတွေ၊ ရုရှားက လက်နက်တွေ၊ အီရန်က လောင်စာဆီနဲ့ ကျူးဘားက ထောက်လှမ်းရေးနည်းပညာတွေကို ယူပြီး သူ့အစိုးရကို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြားကနေ ရှင်သန်အောင် လုပ်ခဲ့ပါတယ်။
၂၀၁၂ မှာ ချားဗက်စ် ကျန်းမာရေးမကောင်းတော့တဲ့အခါ မာဒူရိုကို ဒုတိယသမ္မတ ခန့်လိုက်တာဟာ သူ့ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်လိုက်တာပါပဲ။
သူ့ကို ဘတ်စကားဒရိုင်ဘာဘဝကနေ နိုင်ငံတော်သမ္မတအထိဆွဲတင်ပေးခဲ့တဲ့ ချားဗက်စ်ကို အဖေလိုသဘောထားပြီး ချားဗက်စ်ရဲ့ အုတ်ဂူမှာ ညညသွားအိပ်တယ်လို့ သူကဆိုခဲ့ဖူးပါတယ်။
နိုင်ငံစီးပွားရေးစနစ်၊ နိုင်ငံတကာသံတမန်ရေးရာနဲ့ အုပ်ချုပ်ရေးပညာမတတ်တဲ့ ပညာမဲ့တစ်ယောက်အနေနဲ့ နဂိုကတည်းကယိုင်နဲ့စပြုနေတဲ့ ဗင်နီဇွဲလားရဲ့စီးပွားရေးကို ကောင်းမွန်အောင် ဘယ်လိုလုပ်နိုင်ပါ့မလဲ❓
၂၀၁၃ မှာ သူ အာဏာရလာတော့ စီးပွားရေးက စပျက်နေပြီ ဖြစ်ပေမဲ့ သူက ပြုပြင်ပြောင်းလဲမှုတွေမလုပ်ဘဲ နိုင်ငံတော်ပိုင်အဖြစ် ပိုသိမ်းတာ၊ ထိန်းချုပ်မှုတွေ ပိုတင်းကျပ်တာတွေပဲ လုပ်ခဲ့ပါတယ်။
ဒါကြောင့် ငွေကြေးဖောင်းပွပြီး စားစရာ၊ ဆေးဝါးနဲ့ ဆီပြတ်လပ်တဲ့ ဒုက္ခတွေ ကြီးမားလာခဲ့ပါတယ်။
နိုင်ငံ့ငွေကြေးတန်ဖိုးက ဘယ်လောက်ထိုးကျသလဲဆိုရင် ၂၀၁၀ မှာ အမေရိကန် ၁ ဒေါ်လာကို ဗနီဇွဲလားငွေ ၂ ဗိုလီဗာနီးပါး လဲလှယ်နေရာကနေ အခုအခါမှာ 1.00 USD = 30,062,108.89 VEF အထိ ငွေတန်ဖိုးက ချောက်ထဲမကပဲ ဟိုးအဝီစိအောက်ကို ရောက်သွားခဲ့ပါတယ်။
ငွေတန်ဖိုးကျတာကို စီးပွားရေးနည်းနဲ့ မဖြေရှင်းဘဲ သူ့လက်သုံးဗနီဇွဲလားစစ်အရာရှိတွေကို အကုန်နေရာပေးပြီး အုပ်ချုပ်ခဲ့ပါတယ်။
ပြည်သူလူထုက အပြောင်းအလဲလိုချင်လို့ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ လွှတ်တော်မှာ အနိုင်ရရင်လည်း သူ့လူတွေနဲ့ဖွဲ့ထားတဲ့ တရားရုံးတွေကို သုံးပြီး အာဏာကို သိမ်းယူခဲ့ပါတယ်။
ရွေးကောက်ပွဲတွေကိုလည်း သူ့စိတ်ကြိုက်ဖြစ်အောင် လုပ်ခဲ့သလို အတိုက်အခံတွေ၊ သတင်းသမားတွေကိုလည်း အကြမ်းဖက်မှုဥပဒေတွေနဲ့ ဖမ်းဆီးဖိနှိပ်ခဲ့ပါတယ်။
မာဒူရို ရှင်သန်နေခဲ့တာဟာ ဗင်နီဇွဲလားနိုင်ငံ တည်ငြိမ်နေလို့ မဟုတ်ပါဘူး။
စစ်တပ်ကို အသုံးချတာ၊ ပြည်ပဩဇာခံလုပ်ပြီး တရုတ်၊ ရုရှား၊ အီရန်၊ ကျူးဘားတို့ဆီက ပြည်ပအကူအညီနဲ့ အတိုက်အခံတွေကို စနစ်တကျ ဖိနှိပ်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။
သူ့ကို ထောက်ခံသူတွေကတော့ မျိုးချစ်လို့ထင်ပြီး အနောက်နိုင်ငံတွေကို အံတုသူလို့ မြင်ကြမှာဖြစ်ပေမဲ့ သမိုင်းမှာတော့ ရေနံချမ်းသာတဲ့နိုင်ငံကို ဆင်းရဲတွင်းထဲ ဆွဲချခဲ့သူအဖြစ်ပဲ မှတ်တမ်းဝင်သွားဖို့ ရှိပါတယ်။
ဒီနေ့မှာတော့ ဗင်နီဇွဲလားဟာ အလှည့်အပြောင်း လမ်းဆုံလမ်းခွတစ်နေရာကို ရောက်နေပြီဖြစ်ပါတယ်။
ရှေ့လျှောက် ၁၉၅၀ ကျော်ကာလတွေလို ဒီမိုကရေစီ ပြန်ရမလား
ဒါမှမဟုတ် အာဏာရှင်အသစ်ပဲ ပေါ်လာမလားဆိုတာကတော့ ဗင်နီဇွဲလားစစ်တပ်နဲ့ နိုင်ငံတော်အာဏာကို ဘယ်သူက ဆက်ထိန်းမှာလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
မာဒူရို မရှိတော့ပေမဲ့ သူနဲ့သူ့ဆရာ ဟူဂိုချားဗက်စ် တည်ဆောက်ခဲ့တဲ့ အာဏာရှင် စနစ်ကြီးကတော့ ကျန်နေဆဲပါပဲ။
မာဒူရိုရဲ့ဆရာ အီရန်ကလည်း ဒီရက်ပိုင်းမှာ လမ်းပေါ်မှာဆန္ဒပြမှုတွေ၊ ပြုပြင်ပြောင်းလဲရေးအတွက် ဆော်ဩမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်အနေနဲ့ ဗင်နီဇွဲလားမှာ ခြေကုပ်ရရင် လက်တင်အမေရိကကို ခါးစောင်းတင်နိုင်မှာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားကိစ္စအကျိုးရှိသွားရင် အမေရိကန်အတွက် လက်တင်အမေရိကမှာတစ်ရန်အေးမယ်၊
အမေရိကားဆီပြေးလာနေတဲ့ ဒုက္ခသည်တွေသက်သာသွားမယ်၊
မူးယစ်ဆေးဝါးကိစ္စလည်း အထိုက်အလျောက်ဖြေရှင်းပြီးဖြစ်မှာ ဖြစ်သလို …
ထရမ့်ဘက်တော်သားတွေလည်း မျက်နှာပန်းရမှာဖြစ်ပါတယ်။
သို့သော် အမေရိကန်ဆိုတာမျိုးက စေတနာကောင်းကောင်းနဲ့ အစအဆုံးလိုက်လုပ်ပေးမယ့်သူမျိုးမဟုတ်ပါ။
အမေရိကန်ပဲဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ အီရန်ပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားကြည့်သူချည်းသာ ဖြစ်ပါတယ်။
အားလုံးဟာ ဗင်နီဇွဲလားပြည်သူတွေအပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။

Leave a Reply