ဗင်နီဇွဲလားနိုင်ငံထဲ အထူးတပ်ဖွဲ့သုံးပြီး ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်လာတဲ့ သမ္မတနစ်ကိုလက်စ် မာဒူရို ရဲ့ ဓာတ်ပုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် Truth က နေထုတ်ပြလာပါတယ်။

“အမေရိကန်စစ်ရေယာဉ် USS Iwo Jima ပေါ်က နစ်ကိုလက်စ်မာဒူရို” ဆိုပြီး ထရမ့်က ဓာတ်ပုံဖော်ပြလာတာပါ။

ပုံမှာတော့ ခဲရောင် အနွေးထည်ဝတ်ထားပြီး မျက်လုံးကို ဖုံးထားကာ လက်ထိပ်ခတ်ခံထားရတဲ့ ဗင်နီဇွဲလားသမ္မတနစ်ကိုလက်စ်မာဒူရိုကို တွေ့ရပါတယ်။ လက်ထဲမှာတော့ သောက်စရာ ရေတစ်ဘူးထည့်ပေးထားပါတယ်။

အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဗင်နီဇွဲလား သမ္မတနဲ့ ဇနီးဖြစ်သူတို့ အသက်ရှင်နေသေးကြောင်း အထောက်အထား ပြသဖို့ ဗင်နီဇွဲလား အစိုးရက တောင်းဆိုထားတာပါ။

အမေရိကန်ဟာ လအတော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ စစ်ဆင်ရေးအပြီး ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံ၊ ကရာဆက်စ်မြို့ကို စစ်ဆင်ရေးတစ်ခု ဆင်နွှဲ တိုက်ခိုက်ပြီး မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မာဒူရိုနဲ့ ဖလောရက်စ်တို့ကို အောင်အောင်မြင်မြင် ဖမ်းဆီးပြီး ဗင်နီဇွဲလား ပိုင်နက် အပြင်ဖက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီလို့ လူမှုကွန်ရက် မီဒီယာ Truthမှာ ကြေညာခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးကို အမေရိကန်ရဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်ပြီး ထုတ်ပြန်မှာဖြစ်ကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။

နောက်တော့ New York Times သတင်းဌာနရဲ့ ဖုန်းဆက် မေးမြန်းမှုကို ထရမ့်က ခပ်တိုတို ပြန်ဖြေခဲ့ရာမှာ မာဒူရိုကို လက်ရ ဖမ်းဆီးခဲ့တဲ့ စစ်ဆင် ရေးအတွက် ထူးကဲကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့သလို လူတော်တွေ၊ ထက်မြက်တဲ့ တပ်ဖွဲ့ဝင်တွေက ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

ထရမ့်ဟာ သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ အစိုးရကို မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ်ကြောင်း စွပ်စွဲထားပြီး မာဒူရိုကတော့ ငြင်းဆိုထားပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ ပတ်သက်တဲ့ ရေနံတင် သင်္ဘောတွေကို စီးနင်းသိမ်းယူတာ၊ မူးယစ်မှောင်ခို လှေတွေအဖြစ် စွပ်စွဲထားတဲ့ ရေယာဉ်တွေကို တိုက်ခိုက်နှစ်မြှုပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဗင်နီးဇွဲလားနိုင်ငံထဲထိ အထူးတပ်ဖွဲ့သုံးကာ သမ္မတ နစ်ကိုလက်စ် မာဒူရို ကို ဝင်ရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *