ဗင်နီဇွဲလားလိုပဲ ကိုလံဘီယာဟာလည်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူ တိုက်ခိုက်မှုကို ကြုံလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ အမေရိကန်က အထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ကရာကက်စ် မြို့တော်ထဲမှာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ကိစ္စက တစ်ကမ္ဘာလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။

မာဒူရိုကို မူးယစ်ဆေးဝါး အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေပေါ် အခြေခံပြီး ဖမ်းဆီးဖို့ထရမ့်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ထရမ့်က ကိုလံဘီယာမှာလည်း အလားတူ အခြေအနေမျိုး ကြုံကောင်းကြုံနိုင်တယ် ဆိုတာမျိုး ကိုလံဘီယာ သမ္မတ ဂူစတာဗိုပက်ထရိုကိုရည်ရွယ်ပြီးသတိပေးသွားပါတယ်။

ကိုလံဘီယာရဲ့အနေအထားကလည်းအရမ်း စိတ်ပျက်စရာ ဖြစ်နေကြောင်း၊ ကိုလံဘီယာကို စိတ်ပျက်စရာ လူပုဂ္ဂိုလ် တစ်ယောက်က စီမံအုပ်ချုပ်နေကြောင်း၊ အဲဒီပုဂ္ဂိုလ်ကလည်း ကိုကင်းတွေ ထုတ်လုပ်ပြီး အမေရိကန်ဆီ တင်ပို့ ရောင်းချရတာကို သဘောကျပုံပေါ်ကြောင်း၊ ဒါပေမဲ့ သူဟာ ဒါမျိုး နောက်ထပ် အချိန်ကြာကြာ လုပ်ခွင့်ရတော့မှာတော့ မဟုတ်ကြောင်း ထရမ့်က သမ္မတ စီးတော်လေယာဉ် Air Force One ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေက အမေရိကန်ဟာ ကိုလံဘီယာကိုရော ဗင်နီဇွဲလားနည်းတူ စစ်ဆင်ရေးတစ်ခုနဲ့ အရေးယူမလားလို့ ပိုပြီး တိုက်ရိုက်ကျကျ မေးခဲ့တဲ့အခါ ထရမ့်က သူ့အတွက်တော့ ဒါက အကြံကောင်းပဲလို့ တုံ့ပြန်သွားခဲ့ပါတယ်။

မာဒူရိုကို အထူးစစ်ဆင်ရေးနဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ပေမယ့်လည်း အမေရိကန်ဟာ ဗင်နီဇွဲလားကို စစ်ကြေညာလိုက်တာတော့ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ဒီဇင်ဘာ ၄ ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒါဟာစစ်ဖြစ်နေတာမဟုတ်ဘူးလို့သူကဆိုပါတယ်။အမေရိကန်ဟာ မူးယစ်မှောင်ခို အဖွဲ့အစည်းတွေနဲ့ စစ်ဖြစ်နေပေမယ့် ဗင်နီဇွဲလားနဲ့တော့ စစ်မဖြစ်ဘူးလို့ ရူဘီရိုက ဖြေရှင်းခဲ့ပါတယ်။

သူကဗင်နီဇွဲလားကနေအမေရိကန်ဆီမူးယစ်ဆေး​တွေမှောင်ခို သယ်ဆောင်လာတဲ့ စက်လှေတွေကို တိုက်ခိုက်တဲ့ မစ်ရှင်တွေကိုတော့ အမေရိကန် စစ်တပ်က ဆက်လက်လုပ်ဆောင်နေမယ်လို့လည်း အတည်ပြုသွားပါတယ်။

ကိုးကား- Times Now

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *