“ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်ရှိ ဟိုပန်ခရိုင် နမ့်တစ်မြို့နယ်တွင် ထောင်ဝန်ထမ်းကိုသတ်ပြီး လက်နက်လုကာ ထွက်ပြေးသွားသည့် အကျဉ်းသားခုနစ်ဦးကို ပြန်လည်ဖမ်းမိပြီဟု သိရသည်။

သူတို့ကို ဟိုပန်ခရိုင် ရဲတပ်ဖွဲ့က ကိုးကန့်ဒေသ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ယမန်နေ့ ဇန်နဝါရီလ ၄ ရက်တွင် ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု “ဝ”ပြည် တရားစီရင်ရေးဌာန (WSP)က ယနေ့ ဇန်နဝါရီလ ၅ ရက်၌ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပန်ခရိုင်အချုပ်ခန်းမှ အကျဉ်းသား ၁၀ ဦးအား နမ့်တစ်မြို့နယ် အမှတ် (၁) လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးရှိ ကျွန်းသစ်တောသို့ လုပ်အားပေးလုပ်ရန် ခေါ်ဆောင်သွားစဉ် အဆိုပါအကျဉ်းသားခုနစ်ဦးသည် ထောင်ကြီးကြပ်ရေးဝန်ထမ်းတစ်ဦးကိုသတ်ပြီး လက်နက်လုကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု WSP က ဆိုသည်။

ထောင်ကြီးကြပ်ရေးဝန်ထမ်း ဦးကျိုး(Zhou)သည် ဦးခေါင်းတွင် ဓားဒဏ်ရာများဖြင့် ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရမှုကြောင့် နမ့်တစ်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ကင်းစောင့်ရဲဝန်ထမ်းတစ်ဦးကိုလည်း ထွက်ပြေးသွားသည့်အကျဉ်းသားများက တိုက်ခိုက်ခဲ့သည့်အတွက် သတိလစ်နေစဉ် သူကိုင်ဆောင်သည့် K12 ရိုင်ဖယ်သေနတ် (ကျည် ၅ တောင့်ပါ)အား လူယူသွားခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ပြန်လည်ဖမ်းဆီးရမိသည့် အကျဉ်းသားခုနစ်ဦးကို တရားဥပဒေအရ စစ်ဆေးမှုများပြုလုပ်ပြီး ပြစ်မှုအလိုက် တရားစီရင်သွားမည်ဟု သိရသည်။

Photo – WSP

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *