မန္တလေးဘက်မှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်တပ်ကလေယာဉ်ဖြင့် လိုက်လံတိုက်ခိုက်

စစ်တပ်သည် စစ်ကိုင်းတိုင်း ခင်ဦးမြို့အရှေ့ခြမ်းရှိ ကုန်းကြီးရွာကို ဇန်နဝါရီ ၅ ရက် ည ၉ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မန္တလေးဘက်မှစစ်ရှောင်လာသည့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး အခြားစစ်ရှောင်သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကဆိုသည်။

စစ်တပ်ကြဲချသည့်ဗုံးသည် ကုန်းကြီးရွာ စာသင်ကျောင်းနှင့် ဈေးဆိုင်တန်းအနီးသို့ကျခဲ့ကြောင်း၊ သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို စိစစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ခင်ဦးအခြေစိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံကပြောသည်။

“အခုလေကြောင်းချသွားတာက စစ်ဘေးရှောင်‌တွေခိုလှုံနေတဲ့ စာသင်ကျောင်းရှေ့ ဘေးနားမှာ ဒီရက်ပိုင်းအတွင်းက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်နဲ့ ဝက်သားတုပ်ထိုးဆိုင်တွေ ပေါ်ကို ဗုံးတစ်လုံးကြဲသွားတာပါ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီးတစ်ယောက်၊ စုစု‌ပေါင်း သုံးယောက်က ပွဲချင်းပြီး သေသွားတယ်၊ မိသားစုလိုက်ပဲ။ မောင်နှမ နှစ်ယောက်နဲ့ အဖေနဲ့ ”ဟု အဆိုပါ တာဝန်ခံကပြောသည်။

ကုန်းကြီးရွာ စာသင်ကျောင်းအနီးပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များဖွင့်ထားသည့် စျေးဆိုင်တန်းများပေါ်သို့ ဗုံးတစ်လုံးကျရောက်ခဲ့ခြင်းကြောင့် တခြားစစ်‌ရှောင် မိသားစုဝင် သုံးဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၄င်းကဆိုသည်။

စစ်တပ်ကတိုက်ခိုက်ခဲ့သည့် ကုန်းကြီးရွာသည် စစ်တပ်ထိန်းချုပ်ထားသည့် ခင်ဦးမြို့အရှေ့ဘက် ၁၂ မိုင် ခန့်အကွာတွင်ရှိသည်။ ယင်းရွာတွင်မန္တလေးတိုင်းမှ တိမ်းရှောင်လာသည့် စစ်ရှောင် အိမ်ထောင်စု ပေါင်း ၅၀ကျော်၊ လူဦးရေတစ်ရာကျော် ခိုလှုံနေခြင်းဖြစ်ပြီး လေကြောင်းဗုံးကြဲချိန်တွင် ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဟု ဒေသခံများကဆိုသည်။

ယနေ့ည လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်များကို အရေးပေါ် နေရာ ရွှေ့ပြောင်းခဲ့ရသည်ဟု ‌ဒေသခံများကဆိုကြသည်။

“လောလောဆယ်အကုန်လုံးရွှေ့ပြောင်းသွားကြပြီ။ သူတို့လည်းအဲ့နားမှာ ဆက်မနေရဲတော့ဘူ။ ကျွန်တော်တို့လည်း တက်နိုင်သလောက်တော့ ရွှေ့ပေးလိုက်ပါတယ်” ဟု ဒေသခံတော်လှန်ရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြေနီသျှိုလမ်းဆုံအနီးကို လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁၀ ဦး သေဆုံးကာ ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *