ကျောက်ဖြူမြို့အနီးအထိ AA ချဉ်းကပ်လာ၍ စစ်ကော်မရှင်တပ်များ မြို့ပတ်ဝန်းကျင်သို့ ဆုတ်ခွာ နေရာယူလာ
မြို့ခံများ စစ်ဘေးတိမ်းရှောင်ရန်ပြုလုပ်လာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ အာရက္ခတပ်တော် (AA) က စစ်ရေးအရ အသာစီးရယူ၍ မြို့အနီးသို့ ချဉ်းကပ်လာနေသည့်အတွက် စစ်ကော်မရှင်တပ်များ မြို့ပတ်ဝန်းကျင်အထိ ဆုတ်ခွာနေရာယူလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခု ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ မြို့နှင့် ပိုမိုနီးကပ်လာပြီး AA တပ်များ မြို့အတွင်း ဝင်ရောက်လာမည်ကို စိုးရိမ်ရသည့် အခြေအနေကြောင့် စစ်ကော်မရှင်တပ်များမှာ ၎င်းတို့တပ်စွဲထားရာနေရာများမှ မြို့အနီးအနားအထိ ဆုတ်ခွာလာကြခြင်း ဖြစ်သည်။
“မြို့အတွင်းကို တပ်တော်က ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ လက်နက်ကြီး သံတွေလည်း ဆက်တိုက်ကြားနေရလို့ မိဘတွေကိုတော့ ဘေးကင်းရာကို ရွှေ့ထားလိုက်ပြီ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ ပျားတဲ၊ ကြတ္တိန်၊ သိုင်းချောင်းနှင့် ဇင်ချောင်း ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဒိုးမတောင်မှ ကုလာဘာအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာကြောင်း သိရသည်။
စစ်ကော်မရှင်ဘက်မှ အထိနာကာ မြို့အနီးအထိ တပ်ဆုတ်နေရသည့်အတွက် မြို့ခံအများစုမှာလည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများ တိုးမြှင့်လုပ်ဆောင်လာကြသည်။
မင်းပြင်ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးနေစဉ် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ စစ်ကော်မရှင် စစ်ရုံးချုပ်အထိ ရိုက်ခတ်မှုရှိခဲ့ပြီး ထိုးစစ်ကိုပါ ရပ်တန့်သွားစေခဲ့သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စွဲထားရာ နေရာအများအပြားမှ တပ်များ အထိနာကာ ဆုတ်ခွာနေရသည့်အတွက် ကျောက်ဖြူမြို့ကို AA က သိမ်းယူတော့မည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း မြေပြင်တွင် တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။


Leave a Reply