လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် မြန်မာပြည် စစ်ရေးသုံးသပ်ချက်အနေနှင့် ဦးစွာအားဖြင့် ရခိုင်စစ်မြေပြင်မှ အစပြုပါမည်။ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် တခုလုံးတွင် စစ်မျက်နှာ ခြောက်ခုတွင် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့မြင်ရ၏။

အဆိုပါ စစ်မျက်နှာ ၆ ခုမှာ-

၁။ မောင်တော၊ ဘူးသီးတောင်

၂။ စစ်တွေ

၃။ ကျောက်ဖြူ
၄။ နတ်ရေကန်

၅။ ညောင်ကျိုး

၆။ ဧရာဝတီ တို့ဖြစ်ကြ၏။

အာရက္ခတပ်တော်သည် မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ် ၏ ပျူစောထီးတပိုင်းဖြစ်ကြသည့် အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့်ရင်ဆိုင်နေရပြီး ကျန်စစ်မျက်နှာ ၅ ခုတွင် စကမ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်‌နေသည်ကို တွေ့ရ၏။

၁။ မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာ

မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာတလျှောက် အာရက္ခတပ်တော် ရင်ဆိုင်နေရသည်မှာ အစ္စလမ်မစ် အစွန်းရောက်အဖွဲ့များဖြစ်ကြ၏။ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ အာရ ကန် ရိုဟင်ဂျာတပ် (ARA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) စသည့်အဖွဲ့များအပြင် နောက်တိုးအဖွဲ့အချို့ပါ တွေ့လာရသည်ဟု သိရ၏။ ထိုအဖွဲ့များသည် ယခင်က မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ်နှင့်တွဲ၍ ရပ်တည်ခဲ့ကြသော်လည်း စကမ စစ်တပ်အရေးနိမ့်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်တွင်းသို့ ပြေးဝင်သွားကြပြီး မွတ်စလင်ဒုက္ခသည်စခန်းများတွင် အခြေပြု၊ တပ်သားစုဆောင်း၍၎င်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လေ့ကျင့်စုဖွဲ့၍၎င်း မောင်တော၊ ဘူးသီးတောင်ဒေသအားပြန်လည်ထိုးဖေါက်နိုင်ရန် ကြိုးစားနေသည်ကိုတွေ့ရ၏။ ထို့အဖွဲ့များအား စကမ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည်ကို တွေ့ရပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က သူ့နယ်မြေအတွင် အကာအကွယ်ပေးထားသည်ဟု နယ်စပ်ဒေသသတင်းများအရ သိရ၏။

မွတ်စလင် ပြူစောထီးများသည် နယ်စပ်တလျှောက်ရှိ စခန်းများအား တိုက်ခိုက်မည်ဟု ကြုံးဝါးသော်လည်း ပြင်းပြင်းထန်ခန် တိုက်ခိုက်နိုင်ခြင်းမရှိပါ။ အများစုမှာ ချောင်းပစ်၊ပြေးအဆင့်ကများသည်ကို တွေ့ရ၏။ သို့သော် ပြသနာမှာ မွတ်စလင်ပြူစောထီးအဖွဲ့များသည် နယ်စပ်ဒေသတလျှောက်သာမက မယူတောင်တန်းအတွင်း ပြောက်ကျားလှုပ်ရှားခြင်းဖြစ်ပြီး ဘူးသီးတောင်၊ မောင်တော တောင်ဖက် စေတီပြင်၊ ကျောက်ပန္ဒူတောင်ကျော်လမ်းအထိ လှုပ်ရှားသည်ကို တွေ့ရ၏။ ထိုသို့လှုပ်ရှားရာတွင် အာရက္ခတပ်တော်အား ရှောင်ပြီး ဒေသခံတိုင်းရင်းသားများအား လစ်လျှင်လစ်သလို ဖမ်းဆီးသတ်ဖြတ်ခြင်းပြုလုပ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် ခံစစ်စခန်းများယူထားရသကဲ့သို့ မယူတောင်တန်းတလျောက် လိုက်လံရှင်းလင်းခြင်းပြုလုပ်နေရသည်ကို တွေ့ရ၏။ စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်ရသည်ထက် အရပ်သားလူထုအား မွတ်စလင်ပြူစောထီးများ သတ်ဖြတ်ခြင်းရန်မှ ကာကွယ်နေရ၏။

၂။ စစ်တွေ

စစ်တွေတွင် စကမ ၏ နပခ တိုင်းမှူနှင့် ဒကစမှူး အခြေပြုပြီး ကြည်း တပ်အင်အား နှစ်ထောင်ခန့်၊ ရေတပ် စစ်သင်္ဘော အနည်ဆုံးဆယ်စီးခန့်နှင့် အင်အားတထောင်ခန့် အပြင် ရဲများ၊ မွတ်စလင်ပြူစောထီးများ၊ ALP ပြည်သူ့စစ်များဖြင့် အားဖြည့်ထားသည်ကို တွေ့ရ၏။ စစ်တွေပတ်လည်ရှိ ရခိုင်ကျေးရွာများအား ဖျက်ဆီးပြီး စစ်တွေတွင်စုစည်းထား၏။ စစ်တွေမြို့နှင့် စစ်တပ်တပ်ရင်းတပ်ဖွဲ့များအခြေပြုရာ ပါဒလိတ်၊ မင်းချောင်းတံတားအထိ တပ်ဖြန့်နေရာယူထား၏။

စစ်တွေအား ကားလမ်းဖြင့် ဝင်၍ရသည့် တခုတည်းသော မင်းချောင်းတံတားအား AA စစ်ဆင်ရေး စကထဲက ချိုးထားသော်လည်း ၂၀၂၅ ခုနှစ်ထဲတွင် ပြန်ပြင်ပြီး ပုဏ္ဏားကျွန်းအား ပြန် လည်ထိုးစစ်ဆင်မည်ဟု သတင်း လွှင့်သည်ကို တွေ့ရ၏။ သို့သော် ၂၀၂၅ ခုနှစ်တနှစ်လုံး စကမ သည် စစ်တွေမှ ပေါက်တော၊ ပုဏ္ဏားကျွန်း ဖက်သို့ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်ခြင်းသာတွေ့ရပြီး မြေပြင်တွင် ထိုးစစ်ဆင်သည်ကို မတွေ့ရသေးပေ။

အာရက္ခတပ်တော်ဖက်မှလည်း စစ်တွေအား ထိုးစစ်ဆင်ခြင်းမပြုသေးဘဲ အစောပိုင်းကာလက လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပြန်လည်ပစ်ခတ်ခြင်းကို စတိသဘောပြုသည်ကိုသာတွေ့ရ၏။ သို့သော် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာရက္ခတပ်တော်၏ ပစ်ခတ်မှုများပြားလာပြီး ပါဒလိတ်တကြောရှိ စခန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ခါ သေဆုံးဒဏ်ရာရသူများရှိလာသည်ဟု သိရ၏။ ထို့နောက် ဒကစ တပ်ရင်းတပ်ဖွဲ့အိမ်ထောင် သည်များအား လက်နက်ကြီးမမှီဟုယူဆသည့် စစ်တွေမြို့၏တောင်ဖက်ဆုံးသို့ ပြောင်းရွှေ့နေရာချသည်ဟု သိရ၏။

လက်ရှိတွင် စကမ သည် စစ်တွေသို့ လေကြောင်းရော၊ ရေကြောင်းပါထောက်ပို့နိုင်ပြီး စစ်တွေတွင် ကျောက်ဖြူတိုက်ပွဲ ဒဏ်ရာရှိသူများပါ ဆေးကုသပေးနေ၏။ ယခု လူနာများပြားသဖြင့်၎င်း၊ အာရက္ခတပ်တော် လက်နက်ကြီးပစ်ခတ်မှု မမှီစေရန်၎င်း စစ်တွေ ကုတင် ၅၀၀ ဆေးရုံ၏ အချို့အဆောင်များအား စစ်ဆေးရုံအဖြစ် ပြောင်းလဲ အသုံးပြုနေသည်ကို သိရ၏။

၃။ ကျောက်ဖြူ

ကျောက်ဖြူတွင် အခြေစိုက်တပ်ရင်း သုံးရင်း၊ ရဲတပ်ရင်းတရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နှင့်ရေတပ်စခန်းငယ်နှစ်ခုရှိ၏။ တပ်မ ၁၁ နှင့် အခြားတပ်များ ထပ်မံဖြည့်တင်းထား၏။ စကမ တပ်အင်အားတောက်လျောက်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ကျောက်ဖြူတွင် စကမ ကြည်းတပ်မှ အင်အား ၁၅၀၀ မှ ၂၀၀၀ ကြား၊ရေတပ်မှ စစ်သင်္ဘော ဆယ်စီးခန့်နှင့် အင်အား တထောင်ခန့် နှင့် ရဲတပ်ရင်းတရင်းနှင့် မွတ်စလင်ပြူစောထီးအချို့ ရှိသည်ဟုသိရရ၏။

၂၀၂၅ မတ်၊ ဧပြီလမှ စ၍ တိုက်ပွဲများဖြစ်ပွါးနေပြီး OGT – Offshore Gas Terminal အနီး၊ ရဲတပ်ရင်း ၃၂ အနီးနှင့် သစ်ပုတ်တောင် ရေတပ်စခန်းအနီး သုံးနေရာတွင် တိုက်ပွဲများ ပြင်းထန်သည်ကို တွေ့ရ၏။ ၂၀၂၅ နှစ်လည်ခန့်မှစ၍ AA တပ်ဖွဲ့များ ကျောက်ဖြူမြို့မှ ၁၀ မိုင်ဝန်းကျင်ခန့်ထိ ဆုတ်၍ ခံစစ်ဆင်သည်ကို တွေ့ရ၏။ အစောပိုင်း OGT အနီးတိုက်ပွဲဖြစ်ပွါးနေရာ တရုတ်သို့ ဓါတ်ငွေ့တင်ပို့မှု ထိခိုက်မည်စိုး၍ AA အား တရုတ်တို့ တောင်းဆို၍ ခွါစစ်ဆင်သည်ဟု ဆိုကြ၏။

ထို့နောက် အောက်တိုဘာ၊နိုဝင်ဘာလများတွင် သိုင်းချောင်း၊ ဇင်ချောင်း၊ မင်းပြင် တဝိုက်ထိ စကမ တပ်က ထိုးစစ်ဆင်လာပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး အပြန်အ လှန်ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ဒီဇင်ဘာလတွင် အာရက္ခတပ်တော်က သိုင်းချောင်း၊ ဇင်ချောင်း၊ မင်းပြင်တို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်ပြင် ကျောက်ဖြူမြို့နှင့် ရေတပ်ဌာန ချုပ်အနီးရှိ ကပ်သပြေအထိ ပြန်လည်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးနေသည်ဟု သိရ၏။

ကျောက်ဖြူတိုက်ပွဲတွင် စကမ တပ်မှ ထိခိုက်ကျဆုံးမှုများသဖြင့် ဒဏ်ရာသမားများကို ကျောက်ဖြူမှ စစ်တွေသို့ ရေယဉ်ဖြင့် ပို့ဆောင်ခြင်း၊ စစ် ကူများကို ရန်ကုန်မှ ကျောက်ဖြူသို့ မပြတ်ပို့ဆောင်နေရပြီး ၂၀၂၅ ဒီဇင် ဘာလအတွင်း စစ်ကူအင်အား ၈၀၀ ခန့်ပို့သည်ဟု မြေပြင်သတင်းများအရသိရ၏။စကမ ဖက်မှ သေဆုံးမှု နှင့်ဖမ်းဆီးခံမှုများသည်ဟုသိရပြီး တရား ဝင်ထုတ်ပြန်မှုများမတွေ့ရ၍ ကိန်းဂဏန်းများ အတည်ပြု၍မရသော် လည်း စကမ ဖက်က စစ်ကူအဆက်မပြတ်ဖြည့်တင်းနေသည်ကတော့ အမှန်ပင်ဖြစ်၏။ ကျောက်ဖြူစစ်မျက်နှာသည့် ၂၀၂၅ ခုနှစ် မတ်လခန့်မှစ၍ တောက်လျောက်တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်စစ်မျက်နှာတခုဖြစ်၏။

၄။ နတ်ရေကန်

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား သိမ်းပြီးနောက် အာရက္ခတပ်တော်သည် အမ်းတောင်ကြားလမ်းအတိုင်း ထိုးစစ်ဆင်လာခဲ့ရာ စခန်းတခုပြီးတခုသိမ်းပိုက်ခဲ့ပြီး စကမ က နတ်ရေကန်ကို ဗဟိုပြုထားသည့် ခံစစ်စခန်းကြီးတွင် အင်အားအလုံးအရင်းဖြင့် ခံစစ်ဆင်နေသည်။

နတ်ရေကန်စခန်းသည် ပဒါန်း၏ အနောက်ဖက် ပေ ၅၀၀၀ ကျော်အမြင့်တွင်ရှိပြီး ငဖဲမြို့နယ်အပိုင်ဖြစ်သည်။ နတ်ရေကန်မှ အရှေ့ဖက် တောင်ခြေရောက်လျင် ပဒါန်းသို့ရောက်ပြီး မကွေးတိုင်း မြေပြန့်ဒေသသို့ ရောက်ပြီဖြစ်၏။

စကမတပ်သည် ပဒါန်းအခြေစိုက် အမြောက်တပ်မဌာနချုပ် မစခ ၉၀၅ အား အခြေပြု၍ နတ်ရေကန် ခံစစ်အားပြင်ဆင်ထား၏။ နတ်ရေကန် သည် စခန်းမကြီးဖြစ်ပြီး ပတ်လည်တွင် ကာကင်းစခန်းများစွာထားပြီး ခံစစ်ဆင်၏။ နတ်ရေကန်ကျော်လွန်လာပါက မင်းဘူး၊ စေတုတ္ထရာ၊ ပွင့်ဖြူ၊ မင်းလှ ဒေသများတွင် ကပစ စက်ရုံ ၆ ရုံခန့်ရှိသာဖြင့် နတ်ရေကန်သည် အရေးပါသော ခံစစ်စခန်းကြီးဖြစ်၏။ တဖန် ရခိုင်တောင်ပိုင်းအား ပြန်လည်ထိုးစစ်ဆင်ရန် အမ်းတောင်ကြားလမ်းသည် အရေးပါသည်ဖြစ်ရာ နတ်ရေကန်သည် ခံစစ်လည်းဖြစ်သကဲ့သို့ ထိုးစစ်ပြန်လည် စတင်ရန်လည်းဖြစ်၏။

အမ်းတောင်ကြားလမ်းရှိ နတ်ရေကန်တွင် လောလောဆယ် တိုက်ပွဲပြင်း ထန်သည်။ အမ်းမြို့သိမ်းပြီးနောက် တဆင့်ပြီးတဆင့်ထိုးစစ်ဆင်လာသည့် AA တပ်များအား စကမတပ်များက တပ်မ ၉၉ တပ်မတခုလုံးဖြည့်တင်းပြီး အင်အားအလုံးအရင်းဖြင့် ခုခံနေသကဲ့သို့ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေ၍ တိုက်ပွဲများပြင်းထန်နေ၏။ တပ်မ ၉၉ အထိနာပြီးနောက် တမ် ၉၉ နှင့် စကခ ၁၇ မှ ဗျူဟာနှစ်ခု၊ စကခ ၁၄ မှ ဗျူဟာတခုနှင့် လဲလှယ်ခဲ့၏။ ထို့နောက် အကျအဆုံးများသဖြင့် စကခ ၁၇ မှ လက် ကျန် ဗျူဟာတခုအားလည်း ထပ်မံဖြည့်တင်းခဲ့၏။ ယခုအခါ နတ်ရေကန်စစ်မျက်နှာတွင် စကခ ၁၇ တခုလုံး၊ စကခ ၁၄ မှ ဗျူဟာတခု၊ မစခ ၉၀၅ နှင့် ကပစ စက်ရုံများမှ ထုတ်နှုတ်အင်အားများအပါ စုစုပေါင်း အင်အား ၂၅၀၀ မှ ၃၀၀၀ ကြား အသုံးပြုပြီး ခံစစ်ဆင်နေသည်။

ယခုအခါ AA တပ်ဖွဲ့များက ပတ်လည်စခန်းများအား သိမ်းပိုက်ပြီး နတ်ရေကန် ပင်မစခန်းကြီးအား ဝိုင်းပတ်ပိတ်ဆို့ထားသည်ကို တွေ့ရ၏။

စကမ ကလည်း စစ်ကူများ တောက်လျောက် စေလွှတ်နေပြီး ထိုစစ်ကူ စစ်ကြောင်းများကို AA က ဖြတ်တောက်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများတောက်လျောက် ဖြစ်ပွါးနေသည်ကို တွေ့ရ၏။ စကမ တပ်များသည် အာရက္ခတပ်တော်က သိမ်းပိုက်ထားသော ကာကင်းစခန်းများကို ပြန်လည်သိမ်း ပိုက်ရန် အင်အားတောက်လျောက်ဖြည့်၍ ပြန်လည်ထိုးစစ်ဆင်နေသော် လည်း ပြန်လည်လန်ကျနေပြီး အထိနာနေသည်ကို တွေ့ရ၏၊၊ ယခုအခါ နတ်ရေကန်စခန်းတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်စစ် မျက်နှာတွင် အပြင်းအထန်ဆုံး အသေအပျောက်များဆုံးစစ်မျက်နှာတခုဖြစ်၏။

၅။ ညောင်ကျိုး

တောင်ကုတ်တောင်ကြားလမ်းတွင် တောင်ကုတ်အားသိမ်းပိုက်ပြီး ထိုးစစ်ဆင်လာသည့် AA တပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်အတွင်း ညောင်ကျိုးအား သိမ်းပိုက်ပြီးနောက် ညောင်ကျိုးအရှေ့ဖက် ကားလမ်းအတိုင်း ညောင်ခြေထောက်အား ဦးတည်၍ စစ်ကြောင်းတကြောင်းတိုက်ခိုက်နေသကဲ့သို့ ညောင်ကျိုးတောင်ဖက် မသုန်သို့ စစ်ကြောင်းတကြောင်း ဦးတည်တိုက်ခိုက်နေသည်။ ညောင်ခြေထောက်၊ မသုန်၊ ထုံးဘို၊ ဆင်တဲတို့တွင် ကပစ စက်ရုံ ၅ ခုခန့်ရှိသဖြင့် စကမ မှ တပ်အင်အားအလုံးအရင်းဖြင့် ခုခံနေသကဲ့သို့ ပြန်လည်ထိုးစစ်ဆင်ရန် လုံးပမ်းနေသဖြင့် တိုက်ပွဲများ တောက်လျောက်ပြင်းထန်စွာဖြစ်ပွါးနေသည်ကို တွေ့ရ၏။

ညောင်ကျိုးစစ်မျက်နှာတွင် စကမ သည် ပြည်ဒကစ ကိုအခြေပြု၍ တောင်ကုတ်မှ ဆုတ်လာသည့် စကခ ၅ မှ တပ်လက်ကျန်အချို့အား စကခ ၁၀ မှ တပ်များ၊ ကပစ မှ ထုတ်နှုတ်အင်အားများ ဖြည့်တင်းထားသည့်အပြင် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် စကခ ၁၂ မှ ဗျူဟာတခုထပ်မံဖြည့်တင်း သည်ကို တွေ့ရပြီး အနည်း ဆုံးအင်အား နှစ်ထောင်နှင့် အထက် အသုံးပြုထားသည်ဟု ခန့်မှန်းရ၏။

တိုက်ပွဲများသည် ညောင်ကျိုးနှင့် ညောင်ခြေထောက်ကြားရှိ ဆင်လန်၊ ‌လေသာတောင်တဝိုက်တွင် ဖြစ်ပွါးနေပြီး အပြန်အလှန်ထိုးစစ်ဆင်‌နေသကဲ့သို့၊ ညောင်ကျိုးတောင်ဖက် မသုန်အနီး ပွိုင့် ၆၆၆ တောင်ကုန်းအား အာရက္ခတပ်တပ်တော်သိမ်းပိုက်ပြီးနောက် အပြန်အလှန်ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ညောင်ကျိုးစစ်မျက်နှာသည်လည်း ၂၀၂၅ ခုနှစ် တနှစ်လုံးတောက်လျောက်ပြင်းထန်စွာဖြစ်ပွါးနေပြီး စကမ တပ်အသေအပျောက်များပြီး တပ်အင်အား မပြတ်ဖြည့်တင်းနေရသည်ကို တွေ့ရ၏။

၆။ ဧရာဝတီ

ဂွတောင်ကြားလမ်း ထိုးဖေါက်ဝင်ရောက်သည် AA တပ်ဖွဲ့များသည် သာပေါင်း၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂါပူမြို့နယ်များတွင် ဖြန့်ခွဲထိုးစစ်ဆင်နေ၏။ ရခိုင်ရိုးမနှင့် ငဝန်မြစ်ကြား၊ ပုသိမ်၊ မုံရွာလမ်းမတလျောက်အား ထိုးဖေါက်တိုက်ခိုက်နေသည်ကို တွေ့ရ၏။ စကမ စခန်းတ ချို့ သိမ်းပိုက်ထားသည်ဟု မြေပြင်သတင်းများသိရသော်လည်း တရား ဝင် ထုတ်ပြန်ခြင်းမရှိ၍ သတင်းအတိအကျ မသိရပါ။ ထိုစစ်မျက်နှာတွင် စကမ မှ နတခ တိုင်းတပ်များအပြင် တပ်မ ၆၆ မှ တပ်ရင်းများအပါ အင် အား နှစ်ထောင်ခန့်အသုံးပြုထားသည်ဟု ခန့်မှန်းရ၏။


Leave a Reply

Your email address will not be published. Required fields are marked *