ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ်တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ
ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းစစ်တပ်စစ်ဆေးရေးစခန်းကို တော်လှန် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်များက ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်က စစ်ကူအင်အား အပြည့်ဖြင့် ခုခံနေပြီး လက်နက်ကြီးများ လည်း အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။
“ဒီမနက် ၅ နာရီကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေကြတာ။ ဆားဂွန်းမှာရှိတဲ့ စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ဆော်နေတာ။ ဇေယျဝတီ အမြန်လမ်းအတက်နား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘက်မှာ ဖြစ်နေတာ။ အခု ဖြူးချောင်းတံတားပေါ်မှာ စစ်တပ်က အင်အားအပြည့်တက်လာနေတယ်။ ကားပေါ်ကနေ ပစ်ခတ်တာတွေ တောက်လျှောက်လုပ်နေတယ်။ တိုက်ပွဲက ပြင်းထန်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော တိုက်ပွဲကြောင့် ဆားဂွန်းကျေးရွာအနီးပတ်ဝန်းကျင်နှင့် ကျေးရွာများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်တပ်က လမ်းများပိတ်ဆို့ထားပြီး ပြည်သူများကို ထွက်ခွင့်မပေးကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေး ရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရ ထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ဇန်နဝါရီလ ၉ ရက်နေ့ တောကျွဲအင်းမြို့ ခေါ် အောင်မြင်မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။


Leave a Reply