စစ်ဆင်ရေးကာလ ၅ရက်အတွင်း စစ်တပ်စခန်းနေရာ ၂၆ ခုကို ထိုးစစ်ဆင်တိုက်ခိုက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ထန်းတပင်မြို့နယ်နဲ့ မင်းလှ၊ ပေါင်းတည်မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒီကနေ့ ဇန်နဝါရီ ၁၁ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၇ရက်နဲ့ ၉ရက်က မင်းလှ၊ ဇီးကုန်း၊ နတ်တလင်း၊ တောကျွဲအင်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၈ခုကို ပဲခူးတိုင်းစစ်ဌာန PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ စစ်ဆင်ရေးဆက်လုပ်ဆောင်တာဖြစ်ပါတယ်။ ဇန်နဝါရီ ၇ရက်က နတ်တလင်း၊ဇီးကုန်းနဲ့ မင်းလှက စစ်ကောင်စီတပ်စခန်း ၄ခုကို တပြိုင်တည်းထိုးစစ်ဆင်ခဲ့သလို ဇန်နဝါရီ ၉ရက်မှာ တောကျွဲအင်းအပါအဝင် ဒေသတွေင်းက စစ်ကောင်စီ စခန်း ၁၄ခုကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီကနေ့ စစ်ဆင်ရေးမှာ ဖြူးမြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အကြမ်းဖက်စစ်တပ် ဆာဂွန်းဂိတ်အထိုင်စခန်း၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်တဲ့ အထွေထွေအုပ်ချုပ်ရေးရုံး၊ ထန်းတပင်မြို့နယ်ရဲစခန်း တိုက်ခိုက်ခဲ့ဟု ဖော်ပြပါတယ်။
ဆာဂွန်းဂိတ်အထိုင်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုသေဆုံးမှုများခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ထန်းတပင်မြို့နယ်အတွင်း ထွေအုပ်ရုံး တိုက်ခိုက်မှုမှာ အစည်းအဝေးပြုလုပ်နေတဲ့ စစ်ကောင်စီ ထောက်တိုင် ခရိုင် ဒု – ညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်း အများအပြားထိခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
ထန်းတပင်မြို့နယ်ရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ဦးသေဆုံးပြီး ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့ကြောင်း ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။

ဒ့ါအပြင် မင်းလှမြို့နယ်မှာလည်း စစ်ကောင်စီ ရွေးကောက်ပွဲ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီမနက်မှာ ဟန့်တားဖောက်ခွဲတိုက်ခိုက်ခဲ့သလို ပေါင်းတည်မြို့နယ်အတွင်း နေရာ(၃)ခုမှာလည်း စစ်တပ် ရွေးကောက်ပွဲ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ် ထိခိုက်သေဆုံး မသိရသေးပါဘူး။ ဒါ့အပြင် ပေါင်းတည် ပေါက်တောရွာက စစ်ကောင်စီရဲ့ ခမရ(၁၀)တပ်ရင်းကိုလည်း ဒီကနေ့မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒီကနေ့ စစ်ဆင်ရေးတွေကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးပါတယ်။
ပဲခူးတိုင်း စစ်ဌာနအနေနဲ့ ၅ရက်အတွင်း ထိုးစစ် ၃ခုဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း နဲ့ တပ်စွဲရာနေရာ ၂၆နေရာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၉ရက် စစ်ဆင်ရေးမှာတော့ တောကျွဲအင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေအများအပြား သိမ်းရခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်းလည်း ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန စစ်ဆင်ရေး နယ်မြေအတွင်းစစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေပြီး ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်စခန်းအနီး ဝန်းကျင် မလိုအပ်ဘဲ မသွားကြဖို့ ပဲခူးတိုင်း စစ်ဌာနက ထပ်မံ အသိပေးထုတ်ပြန်ပါတယ်။
(အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ပဲခူးတိုင်းအတွင်းက မြို့နယ်အချို့ကို တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန)


Leave a Reply