အာရက္ခဆေးပညာသိပ္ပံကျောင်း၏ ဝင်ခွင့်လျှောက်လွှာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ရှိ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူနေပြီဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက် ရက်စွဲဖြင့် စတင်ခေါ်ယူနေခြင်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အာရက္ခပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်၊ အာရက္ခဒေသအတွင်းနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ယခင်ကထက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆေးပညာရှင်ဆရာဝန်လိုအပ်နေမှုကို ပြည့်မီနိုင်ရန်အတွက် ဆေးပညာကို ဝါသနာပါပြီး အသက်မွေးဝမ်းကျောင်းပြုလိုသော အာရက္ခမျိုးဆက်သစ်လူငယ်များ၊ အာရက္ခတိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍတွင် ဆေးဖက်ဆိုင်ရာတာဝန်များကို အမျိုးသားရေးအသိတရားဖြင့် တာဝန်ယူလိုစိတ်အပြည့်ရှိကြသော တိုင်းချစ်၊ ပြည်ချစ်လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး ယခုကျောင်းကို ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကျောင်းဝင်ခွင့်လျှောက်ထားလိုသူများအတွက် လိုအပ်သည့်အရည်အချင်းများကိုလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပြီး အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် ဆေးပဒေသာစိုက်ထူနိုင်ကြောင်းလည်း မကြာသေးခင်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း အသက်၂၅ အောက်အမျိုးသမီးများအတွက် သားဖွားအတတ်အပညာသင်တန်း လျှောက်လွှာကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)သင်တန်းကို သင်တန်းသား ၁ဝဝ ခန့်ဖြင့် ဖွင့်လှစ်ခဲ့သေးသည်။


Leave a Reply

Your email address will not be published. Required fields are marked *