စစ်တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်တော်ကြယ်တစ်ပွင့်
စစ်တွေမြို့ကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)ရဲ့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး ကြီးမားလွန်းတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူတွေက ပြောပါတယ်။
စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်း မြို့အစပ် ရှေ့တန်းတစ်နေရာမှာ စစ်ရေးကွပ်ကဲမှု တာဝန်ယူထားတဲ့ အာရက္ခတပ်တော်ရဲ့ တပ်ရင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးထက်မြတ်သိန်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့က တိုက်ပွဲမှာ သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာပါ။
“မြေပြင်တိုက်ပွဲကိုရှေ့ကနေ ကွပ်ကဲတာပါ။ ကျည်ထိသွားတာ။ ကျတော်တို့ အလွန်စိတ်ထိခိုက်ရပါတယ်။ သူ့အကြောင်းပဲ ပြောနေကြတယ်”လို့ ဗိုလ်မှူးထက်မြတ်သိန်းရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။

ဗိုလ်မှူးထက်မြတ်သိန်းဟာ မာန်အောင်မြို့ဇာတိဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့သူပါ။
AAတပ်ဖွဲ့ဝင်အဖြစ် ပါဝင်ရင်း သူ့ရဲ့ သတ္တိရှိမှု၊ ဦးဆောင်နိုင်မှုတွေကြောင့် အသက် ၃၀ ခန့်အရွယ်မှာတင် ဗိုလ်မူးအဆင့်အထိ တာဝန်ပေးအပ်ခံရတာလို့ သိရပါတယ်။
ကျဆုံးချိန်မှာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ဇနီးနဲ့ ကလေးငယ် ကျန်ရစ်ခဲ့ပါတယ်။
AA ဟာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလဆန်းတိုက်ပွဲတွေမှာ စစ်တွေမြို့ကဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကာကင်စခန်းနှစ်ခုကို သိမ်းယူခဲ့ပါတယ်။
တော်ကန် နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကို ရတာဖြစ်ပြီးဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့သူတွေကို ဖမ်းမိတာလို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေထဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီးစစ်သုံ့ပန်း ၄၀ ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရပါတယ်။
ဒါကြောင့်စစ်တွေကို လေကြောင်းကနေ အင်အားဖြည့်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်တွေမြို့ဟာ စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ အဓိကမြို့ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အပြင် ရဲတပ်ရင်း(၁၂)မှာလည်း အခိုင်အမာတပ်စွဲထားပါတယ်။

စစ်တွေမြို့ပတ်ဝန်းကျင်က ကျေးရွာတွေမှာနေတဲ့ ဒေသခံတွေကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး ပင်လယ်ထွက်ပေါက်ကိုလည်း ပိတ်ထားပါတယ်။
ဗိုလ်မှူးထက်မြတ်သိန်းကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းကို မိတ်ဆွေတွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။
အာရက္ခတပ်တော်ဆီမှာ စစ်သားကြီးအဖြစ် ပြန်ဝင်စားဖို့ ဆုတောင်းတယ်လို့တောင် မိတ်ဆွေအချို့ကရေးသားပါတယ်။
မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်တွေမှာ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လေးစားဂုဏ်ပြုကြောင်း၊ စွန့်လွှတ်ပေးဆပ်မှုအတွက် အမြဲတစေ အမှတ်ရနေမှာဖြစ်ကြောင်း AAက ဖော်ပြလေ့ရှိပါတယ်။
ဗိုလ်မှူးထက်မြတ်သိန်းရဲ့ မိသားစုကိုလည်း AAတာဝန်ရှိသူတွေက အကူအညီတွေ ပေးနေတယ်လို့ ရခိုင်သတင်းရင်းမြစ်က ပြောပါတယ်။
“ဂါရဝပြုပါရေဗိုလ်မှူး။ မြင့်မြတ်စွာ စွန့်စားသူအတွက် မြင့်မြတ်တေဘုံကို ရောက်ပြီးသားပါ”လို့ ရခိုင်တိုင်းရင်းသားစာရေးဆရာဝေဟင်အောင်က ရေးသားထားပါတယ်။
(ကျဆုံးခဲ့တဲ့AAတပ်ရင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးထက်မြတ်သိန်း။ ဗိုလ်မှူး ထက်မြတ်သိန်း နာရေး။ ဓါတ်ပုံ-APM )


Leave a Reply