ဒီသတင်းကို ဖတ်မိတော့ ဘာဖြစ်လဲ

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

သတင်းဖတ်ရန် နှိပ်ပါ

ဝမ်းနည်းရတယ်၊ ယူကြုံးမရဖြစ်တယ်၊ သာသနာ့ဓဇ သင်္ကန်းကို ရုံထားသူတွေကို ကြမ်းကြုတ်မှု လှုံ့ဆော်သူတွေအဖြစ် ကမ္ဘာ့တရားရုံးမှာ တင်သွင်းခံခဲ့ရပြီ။ မြန်မာ့ရာဇဝင်၊ ဗုဒ္ဓသာသနာသမိုင်းမှာ သာသနာပိုင်ကို တကမ္ဘာလုံးက အကြမ်းဖက်လို့ တံဆိပ်ကပ်ခံရပြီ။ တဦးတယောက်ပါပဲလို့ ပြောလို့ မရဘူး။ ညနေကြီး သင်္ကန်းဝတ်တပါး လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှာ စားနေတာမျိုးလောက် မဟုတ်ဘူး။ သံဃာပေါင်းများစွာကို ဦးဆောင်နေတဲ့ သူတွေ၊ သံဃာရာထောင်ချီပြီး စာချ ဟောပြောနေတဲ့ သူတွေက ရက်စက်နေကြတာ၊ အဖျက်စွမ်းအားကြီးပါတယ်၊

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ဗုဒ္ဓကိုယ်တိုင်ရော၊ သာဝကကြီးတွေ အစဉ်အဆက်၊ ဖိနှိပ်မှုအခက်အခဲများစွာတွေကြားထဲက မေတ္တာ၊ ဂရုဏာ၊ ဗြဟ္မစိုရ်တရားတွေနဲ့ ရုန်းကန်သယ်ဆောင်လာခဲ့တဲ့ သာသနာ၊

ကျနော်တို့ ခင်ဗျားတို့ ဗုဒ္ဓအဆုံးအမဆကို လေ့ကျင့်အားထုတ်ဖူးတဲ့ သူတွေ ဘယ်လောက်ထိ ငြိမ်းချမ်းမှုရဖူးသလဲ။ ဘယ်လောက် ဘဝမှာ သက်သာရာရဖူးသလဲ၊ ဘယ်လောက် အေးငြိမ်းဖူးသလဲ။ ပြန်တွေးကြည့်လိုက်၊ ဒီလိုမျိုး လူသန်းပေါင်းများစွာကို အေးငြိမ်းစေတဲ့ အဆုံးအမ သာသနာ။ ဗုဒ္ဓသာသနာမှာ အေးငြိမ်းခြင်းကလွဲပြီး တခြားမရှိ။

သူတို့ ဟောပြောလို့ ဘယ်သူများ ငြိမ်းချမ်းသွားလဲ။ မထောက်ခံတဲ့ ကျ‌နော်တို့လိုလူတွေက ဒေါမနဿနဲ့ ဝမ်းနည်းကြရတယ်။ ထောက်ခံတဲ့ သူတွေဟာ သွေးကြွလာပြီး ရက်စက်ကြမ်းကြုတ်ကြတယ်၊ သူတို့ စကားနားထောင်တဲ့ သူတွေကို မဘသဖွဲ့ပြီး ရက်စက်ကြတယ်။ လူပေါင်းများစွာ ကိုယ်စိတ်ဆင်းရဲရတယ်။

ဒါကို အာဏာရူးတဲ့ စစ်အုပ်စုက ကောင်းကောင်းအသုံးချမွေးမြူထားတယ်၊ သူတို့ အာဏာရဖို့၊ သူတို့မိသားစု ချမ်းသာကြွယ်ဝဖို့ ဗုဒ္ဓနဲ့ သာဝကကြီးတွေ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ သာသနာကို ချနင်းပစ်လိုက်တယ်၊ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အာဏာရမ္မက်၊ လောဘအခိုးတွေ ဆူလျံနေတဲ့ ဒီဆရာတပည့်တွေဟာ သတ္တဝါသန်းပေါင်းများစွာရဲ့ ငြိမ်းချမ်းလတ္တံ့သော အခွင့်အရေးကို ဖျက်စီးပစ်ကြတယ်၊

ယှဉ်ကြည့်ပါ။ ငြိမ်းချမ်းရေးခရီးရှည်ကို ကြွချီနေတဲ့ အရှင်ပညာကာရတို့နဲ့ ယှဉ်ကြည့်ပါ။ မြင်ရရုံနဲ့ ဖြတ်သွားတာလေးကို အလေးအမြတ်ပြုလိုက်ရရုံလေးနဲ့ လူသန်းပေါင်းများစွာရဲ့ ရင်ထဲကို ဘယ်လောက် အေးချမ်းစေသလဲ။ ဟောကြားတဲ့ တရားလေးတခွန်းဟာ လူတွေရဲ့ ဘဝကို ဘယ်လောက် ကယ်တင်လိုက်သလဲ။

🙏ဗုဒ္ဓရဲ့ အဆုံးအမဆိုတာ ဒီလိုငြိမ်းအေးခြင်းကို ပေးနိုင်စွမ်းရှိတယ်။ ဒီလောက် တန်ဖိုးကြီးတဲ့ အဆုံးအမကို ကမ္ဘာက လူတွေ အထင်အမြင်သေးအောင်၊ သူတို့လည်း မကောင်းပါဘူးကွာ အစွန်းရောက်တွေပါပဲလို့ မြင်အောင် ဒီလူတွေ လုပ်ရက်ကြတယ်၊

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုတွင် တည်ထားသည့် ရွှေစည်းခုံစေတီတော်အတွက် စိန်ဖူးတော်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သီတဂူဆရာတော်ထံ ဆက်ကပ်နေကြစဉ် / Cincds

ဒီအာဏာရူးနဲ့ ဆရာဒကာတသိုက်ဟာ နိုင်ငံတခုတည်းရဲ့ ငြိမ်းချမ်းမှုကို ဖျက်စီးတာမဟုတ်ဘူး။ လူသားတွေရဲ့ ငြိမ်းချမ်းရေးကိုပါ ဖျက်စီးနေတဲ့ သူတွေဖြစ်တယ်။

အခု ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုပဲ ပြန်မေးကြည့်ပါ။ ဘာသာရေးခုတုံးလုပ် အကြမ်းဖက်လို့ နိုင်ငံတကာတရားရုံးမှာ တင်ပြခံရတဲ့ ဦးဝီရသူတို့ပြောတာကို လိုက်လုပ်ချင်လား၊ ငြိမ်းချမ်းရေးခရီးရှည်ကြွချီနေကြတဲ့ အရှင်ပညာကာရတို့ ညွှန်ပြတဲ့ လမ်းကို လျှောက်ချင်လား။ ဗုဒ္ဓရဲ့ နည်းလမ်းမဟုတ်တာတွေကို ဗုဒ္ဓဘာသာနာမည်ခံပြီး လောကကြီးကို ဒုက္ခပေးနေတာ ဖြစ်သင့်ပါသလား။

ဒါတွေကို မြင်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးအောင်ကိုကို ဝန်ကြီးခန့်ပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာဖြစ်တယ်။ မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးသမျှ ခေါင်းဆောင်တွေအားလုံးထဲမှာ တဦးတည်းသော တရားကို အမှန်တကယ် အားထုတ်ဖူးသူ။ နေ့စဉ် မှန်မှန်တရားအားထုတ်သူ၊ တရားကို တကယ်နားလည်သူဟာ ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိတယ်။ ဗုဒ္ဓပိဋကတ် စာပေပါဠိကို ဘာသာစကားလို တတ်မြောက်သူ။ သူလိုလူမျိုးက သိလို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးဘူး။

၂၀၂၀ ပြည့်နှစ်က ရန်ကုန်တွင် မာစီဒီးကားနှင့် တွေ့ရသည့် သီတဂူဆရာတော် / ဦးဉာဏိဿရ Facebook

သူ မအောင်မြင်ခဲ့သေးတဲ့ တာဝန်ကို ဗုဒ္ဓသာသနာ (အဆုံးအမ) ကြောင့် ငြိမ်းအေးဖူးသူတိုင်း ဆက်လက်ထမ်းဆောင်ဖို့ လိုတယ်၊

☸️ ကမ္ဘာ့လူသားတွေအားလုံး ဘာသာစွဲကင်းပြီး ငြိမ်းအေးမှုကို ခံစားနိုင်စေဖို့၊

☸️ အအေးချမ်းတဲ့ ဗုဒ္ဓသာသနာကို ဆက်ပြီး ခုတုံးမလုပ်နိုင်ဖို့။

☸️ အမျိုးဘာသာနာမည်ခံပြီး နှိပ်စက်ခံနေရတဲ့ တနိုင်ငံလုံးက သူတွေကိုလည်း ကူညီဖေးမဖို့။

☸️ ဘာသာရေးကို ခုတုံးလုပ်တဲ့ အာဏာရူးတွေကို တွန်းလှန်တဲ့ နေရာမှာလည်း တတ်နိုင်တဲ့ ဘက်က ပါဝင်ဖို့ ကျနော်တို့အားလုံး ကြိုးစားရပါမယ်။

✍🏻မောင်ဝင်းဦး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *