စီးနင်းချိန်မှာ ပစ်ခတ်မှုကြောင့် ရဲဘော်တချို့ ဒဏ်ရာရပြီး စစ်လက်နက်တချို့နဲ့ အခွန်ရရှိငွေတွေပါ ယူဆောင်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ပန်းရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)တပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီးနောက် လက်နက်ငါးလက်၊ အခွန်ငွေတွေနဲ့အတူ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင် ၂ ဦးကို ဖမ်းခေါ်သွားတယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က အတည်ပြုပြောပါတယ်။

ပုလဲမြို့နယ် ပန်းရွာလမ်းဆုံမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အခွန်ဂိတ်ကို BNRAက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

“ မြို့နယ် ပအဖ အခွန်ဂိတ်ကို BNRA အဖွဲ့က ဝင်စီးတာဟုတ်ပါတယ်။ ပအဖ တာဝန်ခံကိုလည်း သေနတ်နဲ့ အချက် ၂၀ ကျော် လိုက်ပစ်ခဲ့ပါတယ်။ ကျွန်တော်ကိုတော့ မထိခိုက်ပေမယ့် ရဲဘော်တစ်ဦး ခြေထောက် ထိမှန်ပါတယ်” လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က ပြောပါတယ်။

စခန်းစီးနင်းခံရပြီးနောက် ပုလဲမြို့နယ် ပြည်သူလုံခြုံရေးအဖွဲ့ဝင် ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရပြီး သေနတ် အရှည်သုံးလက်၊ အတိုနှစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်က NUG လက်အောက်ခံ PDFတပ်ဖွဲ့တွေက BNRA ဂိတ်နှစ်ဂိတ်ကို ရှင်းလင်းပြီးနောက် လက်နက်တွေကို သိမ်းဆည်းခံရတဲ့ ဖြစ်စဉ်အပြီး ကိုးရက်အကြာမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ထံကနေ NUG သိမ်းဆည်းခဲ့တဲ့ ဂိတ်နှစ်ဂိတ်မှာ ချင်ပြစ်ရွာနဲ့ မရိုးတုန်းရွာ ဆက်သွယ်တဲ့ လမ်းပေါ်ရှိ ဂိတ်နဲ့ ပုပ္ပါးရွာအနီးက ဂိတ်စခန်းတို့ ဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်းတွေဝင်ရောက်စီးနင်းသိမ်းယူသွားတဲ့ လက်နက် ဆယ်လက်အထဲက ကိုးလက်ကို ပြန်လည်ရရှိပြီလို့လည်း BNRA ပြန်ကြားရေးတာဝန်ခံက ဖြေဆိုပါတယ်။

ဓာတ်ပုံ – BNRA၊ ပုံအဟောင်းကို ဖော်ပြထားခြင်းဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *