အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ ပုလဲမြို့နယ်ထဲက အခွန်ဂိတ်တခုကို ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ ) အဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်မှု ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ယခုစီးနင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၉ ရက်နေ့တုန်းက NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းနှစ်ခုကို ဝင်ရောက်ရှင်းလင်းပြီး လက်နက်များ သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယမန်နေ့( ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ပန်းရွာ အနီးတွင် ဖွင့်လှစ်ထားသည့် NUG အခွန်ဂိတ်ကို BNRA ဝင်ရောက်စီးနင်းပြီး လက်နက်များနှင့် အခွန်ကောက်ခံငွေများကို သိမ်းဆည်းသွားကြောင်း ပုလဲဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

“အင်အားနဲ့ ဂိတ်ကို ဝိုင်းပြီးမှ ဝင်စီးတယ်။ ရဲဘော်တွေကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတာပါ။ သေနတ်တွေရော သိမ်းဆည်းသွားတယ်။ ကျန်တဲ့ ရဲဘော်တွေလည်း ဒဏ်ရာတွေရခဲ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုလဲဒေသခံ အမျိုးသားတဦးက မဇ္ဈိမသို့ ပြောသည်။

ယခုဖြစ်စဉ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အခွန်ဂိတ်မှ ပလဖ အဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၊ သေနတ်များနှင့် အခွန်ကောက်ခံငွေများအပြင် ပလဖ အဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပုလဲဒေသခံက ဆိုသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က “ပုလဲမြို့နယ်၊ မြို့နယ်အခွန်ဂိတ်ကို BNRA အဖွဲ့ က သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ တာဝန်ကျရဲဘော်တွေကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ရဲဘော်အချို့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ရဲဘော်တဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ထွက်ပြေးစဉ် BNRA က သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် ရဲဘော်တယောက် ခြေထောက်ထိမှန်ခဲ့တယ်လို့ သိထားပါတယ်၊ အခွန်ဂိတ်က လက်နက်အချို့နဲ့ အခွန်ရငွေတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်” ဟု မဇ္ဈိမသို့ ပြော သည်။

ထို့ပြင် “ဖမ်းသွားတဲ့သူကို အမြန်ဆုံးပြန်လွှတ်ပြီး သိမ်းဆည်းထားတာတွေလည်း အမြန်ဆုံးပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က ပုလဲမြို့နယ်အတွင်း BNRA ၏ ချင်ပြစ်ရွာနှင့် မရိုးတုံးရွာကြားဂိတ်၊ ပုပ္ပါရွာ ဂိတ်စခန်းတို့ကို NUG တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ပြီး သေနတ် ကိုးလက်နဲ့ လက်နက်ကြီးတလက်ကို ယင်းမာပင်ခရိုင် တပ်ရင်းများက သိမ်းယူခဲ့သည်။

ထိုစီးနင်းမှုမှာ BNRA တပ်က စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ငွေကြေးတောင်းခံနေကြောင်း ဒေသခံပြည်သူများက တိုင်ကြားလာသည့်အတွက်ဖြစ်ကြောင်း တိုက်ခိုက်မှုအပြီး NUG ဘက်က ပြောဆိုခဲ့သည်။

“BNRA ရဲ့ ဂိတ်တွေကို ပိတ်သိမ်းစဉ်တုန်းက ဖမ်းဆီးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ဘာမှ မရှိခဲ့ပါဘူး” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယခုဖြစ်စဉ်နှင့် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သို့သော်လည်း BNRA ခေါင်းဆောင် ဗိုလ်နဂါးက ဘီဘီစီမြန်မာပိုင်းကို ဖြေကြားထားရာတွင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) က ဝင်စီးသည်ဆိုခြင်းမှာ မဟုတ်ဘဲ အောက်ခြေတပ်ဖွဲ့ဝင် အချင်းချင်း ပြဿနာဖြစ်ခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။

ထိုဂိတ်မှ သေနတ်လေးလက်နှင့် အဖွဲ့ဝင်တဦးကို ဖမ်းမိထားပြီး ယခုအတိုင်းလွှတ်ပေးပါက ပြဿနာတစုံတရာ ဖြစ်မည်ကိုစိုး၍ မလွှတ်ပေးသေးဘဲ ပအဖ အဖွဲ့ တာဝန်ရှိသူများ ရောက်လာမှသာ သေချာလွှဲပြောင်းပေးမည်ဟု ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *