ရေဖြူ၊ ပေါက်ပင်ကွင်းက ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ
ရေး – ထားဝယ်ကားလမ်းမ၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာအဝင်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။
တိမ်းမှောက်သည့်ကားမှာ ရေးမြို့မှ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကွင်းရွာသို့ ပြန်လာသည့် ပေါက်ပင်ကွင်းရွာမှ ခရီးသည်တင်ကားဖြစ်သည်။
“ကားက ဖိုးဘီး (Four Wheels) ကားကို ပြန်ဆင်ထားတဲ့ ကားအမျိုးအစားပါ။ ဈေးကားပုံစံမျိုးပေါ့။ ကားမှောက်ပြီး မီးထလောင်တယ်။ ဘယ်လိုမှောက်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု သွားရောက်ကူညီပေးခဲ့သည့် ရေးမြို့အခြေစိုက် အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ဒဏ်ရာရသူများကို ရေးမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောဆိုသည်။
အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းနှင့်အတူ ကိုးမိုင်ရွာလူနာတင်ယာဉ်၊ ဣစ္ဆာသယ (အဏ္ဏဝါ) အသင်းနှင့် မေတ္တာရှင် (ချောင်းတောင်) လူနာတင်ယာဉ်တို့က ဒဏ်ရာရလူနာများအား ဆေးရုံပို့ဆောင်ရာတွင် ပူးပေါင်းကူညီခဲ့ကြောင်း ယင်းအသင်းများထံမှ သိရသည်။



















ပုံစာ – ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်း ကိုးမိုင်ရွာအဝင် ကားတိမ်းမှောက်မှုမြင်ကွင်း။ ဓာတ်ပုံ – အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း။

Leave a Reply