ရခိုင်ပြည်နယ် အမ်း နဲ့ မကွေးတိုင်း ငဖဲမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ရိုးတောင်ကျော်လမ်းရှိ ပိတ်မိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်စခန်းကို စစ်ကောင်စီက လမ်းဟောင်းကနေ ထိုးစစ်ဆင်နေပြီး ကာကင်းစခန်းကုန်းတခုကို AA က ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် ညနေမှာ နတ်ရေကန်တောင် လမ်းဟောင်း ပဇီကျေးရွာအနီးရှိ စစ်ကောင်စီ ကာကင်းကုန်းတခုကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့ညက ညနေဘက်မှာ ထိုးစစ်ဆင်ပြီး သိမ်းလိုက်တာပါ။ စကစ ဘက်က ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ပဇီရွာကို ထွက်ပြေးသွားကြတယ်။”

စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ အလောင်းတချို့ကို သိမ်းဆည်းရလိုက်ပြီး တပ်ဖွဲ့ဝင်အများစုက ပဇီကျေးရွာစခန်းဘက် ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ချိန်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဇင်ပြွန်းရွာ၊ ပဇီရွာတို့ကနေ ဒရုန်း၊ လက်နက်ကြီး ပစ်ကူအပြင် လေကြောင်းကနေလည်း လာရောက်ဗုံးကြဲခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

အင်အားရာချီ ပိတ်မိနေတဲ့ နတ်ရေကန်တောင် ဗျူဟာစခန်းကို စစ်ကောင်စီက လမ်းဟောင်း၊ လမ်းသစ် နှစ်ခုလုံးက ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ ပဇီနဲ့ ဂုတ်ကြီးရွာတို့မှာ ရပ်တန့်နေတဲ့အပြင် AA စနိုက်ပါသမားတွေရဲ့ ဝိုင်းပိတ်တိုက်ခိုက်မှုကြောင့် နေ့စဉ် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“ပဇီနဲ့ ဂုတ်ကြီး နှစ်ရွာလုံးမှာ သူတို့ တပ်စွဲထားတယ်။ တော်လှန်ရေးဘက်ကလည်း ထွက်ပေါက်မရအောင် ဝိုင်းပိတ်ထားတယ်။ နေ့စဉ် စနိုက်ပါနဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးရှိတယ်။”

ထွက်ပေါက်မရှိတဲ့ နတ်ရေကန်စခန်းကို စစ်ကောင်စီ လေကြောင်းကနေ Y8 လေယာဉ်နဲ့ ပုံမှန် စားနပ်ရိက္ခာ လာချနေရပြီး ပစ္စည်းလာကောက်တဲ့ တပ်ဖွဲ့ဝင်အချို့ကို ​AA ဘက်က စနိုက်ပါ၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးလို့ ပစ္စည်းထုပ်တွေကို နေ့ခင်းဘက်မှာ မကောက်ယူဘဲ နေဝင်မှ ကောက်ယူနေရတယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *