ထိုင်းနိုင်ငံ၊ အယုဒ္ဓယတွင် မြန်မာနှင့်ထိုင်းကားချင်းတိုက်မိရာမှ ပြဿနာဖြစ်ပြီးနောက် နှုတ်ခမ်းမွှေး ခေါင်းဆောင်သည့် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာများအနေများသည့် ရပ်ကွက်များကို ဝင်ရောက်စစ်ဆေးခဲ့

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၄၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ မြန်မာများအနေများသည့် နှုတ်ခမ်းမွှေး ခေါင်ဆောင်သည့် ထိုင်းမျိုးချစ်အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာတချို့ ကိုယ်ထိလက် ရောက် စော်ကားခံရကြောင်း ထိုင်းရောက် မြန်မာတချို့က ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ မြန်မာများအနေ များ သည့် စင်ထိဝါ ရပ်ကွက်အတွင်းသို့ နှုတ်ခမ်းမွှေး ခေါင်းဆောင်သည့် ထိုင်းမျိုးချစ်အဖွဲ့များက ရောက်ရှိလာကြောင်း၊ ယင်းနောက် မြန်မာတချို့လည်း ကိုယ်ထိလက်ရောက်​ စော်ကား ရိုက်နှက်ခံရကြောင်း သိရှိရသည်။

“အယုဒ္ဓယမှာ မြန်မာတစ်ဦးက ထိုင်းတစ်ဦးတို့ ကားချင်းတိုက်မိရာကနေ ပြဿနာစတာ။ ကားနဲ့ လိုက်တိုက်တယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ အဲဒါကို အကြောင်းပြုပြီး ထိုင်းမျိုးချစ်အဖွဲ့က သူတို့ ဆိုင်ကယ်တွေ၊ လူတွေ အုပ်စုလိုက်ကြီး ဝင်လာတာ။ စစ်ဆေးရေး ဝင်တဲ့ပုံစံမျိုးဝင်တာ။ အဲဒီမှာ သူတို့နဲ့ စကားပြောရင်းဘာဖြစ်တယ်တော့မသိဘူး။ မြန်မာတချို့လည်း အရိုက်ခံရတယ်။ ၀ိုင်းရိုက်တဲ့သဘောမျိုးပဲ” ဟု အယုဒ္ဓယမြို့တွင် ရောက်ရှိနေသည့် မြန်မာတစ်ဦးကရှင်းပြသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတချို့နှင့် ထိုင်းတချို့အကြား ခိုက်ရန်ဖြစ် ပွားမှုများရှိလာပြီး​နောက် နှုတ်ခမ်းမွှေးဦးဆောင်သော ထိုင်းမျိုးချစ်အဖွဲ့များ ပြန် လည် ထွက်ပေါ်လာကာ မြန်မာအများစုနေထိုင်သော ရပ်ကွက်များနှင့် နေရာများသို့ လှည့်လည်စစ်ဆေးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသားပါဆယ်ပို့သမားကို ဝိုင်း ဝန်း ရိုက်နှက်မှု ဖြစ်ပွားခဲ့၍ မြန်မာအလုပ်သမားများက ဝန်ချ တောင်းပန်ခဲ့သဖြင့် ပြဿနာပြေလည်ခဲ့သော်လည်း ထိုင်းမျိုးချစ်အဖွဲ့များက မြန်မာများကို ပစ်မှတ်ထား စစ်ဆေးမှုများ လုပ်လာခြင်းဖြစ်သည်။

ယင်းအပြင် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ကန်ချနဘူရီမြို့ တွင် ကား ၁ စီးကို ကန်ချနဘူရီရဲ တပ် ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုး သမီး ၁၇ ဦး၊ ကလေး ၅ ဦး စုစုပေါင်း ၄၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားအားလုံးတွင် အထောက်အထားမရှိကြောင်း၊ ဘန်ကောက်မြို့တွင် သွားရောက် အလုပ်လုပ်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ တရားမဝင်မြန်မာကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *