ဂရင်းလန်းဒေသသို့ လေယာဉ်များ အမေရိကန်စစ်တပ် စေလွှတ်

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းဒေသရှိ Pituffik အာကာသ အခြေစိုက်စခန်းသို့ အမေရိကန်စစ်တပ်က လေယာဉ်များ စေလွှတ်လိုက်ကြောင်း အမေရိကန်နှင့် ကနေဒါ ပူးတွဲကာကွယ်ရေးအဖွဲ့အစည်းဖြစ်သည့်“မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးဌာနချုပ် (NORAD)” က ထုတ်ပြန်ထားသည်။

“မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးဌာနချုပ်ရဲ့ လေယာဉ်တွေဟာ ဂရင်းလန်းမှာရှိတဲ့ Pituffik အာကာသအခြေစိုက်စခန်းကို မကြာမီဆိုက်ရောက်မှာဖြစ်ပါတယ်” ဟု NORAD ၏ X လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ စစ်အင်အားဖြည့်တင်းမှုသည် အမေရိကန်၊ ကနေဒါနှင့် ဒိန်းမတ်နိုင်ငံတို့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုအခြေခံသည့် လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း NORAD က ဆိုသည်။

အဆိုပါ စစ်လေယာဉ်များစေလွှတ်မှုကို ဒိန်းမတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအားလုံး သည် သင့်လျော်သော သံတမန်ရေးရာ ခွင့်ပြုချက်များဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း NORAD က ဆိုသည်။

ယခင်က Thule လေတပ်အခြေစိုက်စခန်းဟု လူသိများသော Pituffik အာကာသ အခြေစိုက်စခန်းသည် ဂရင်းလန်းကျွန်းအနောက်မြောက်ဘက်တွင် တည်ရှိပြီး၊ အမေရိကန်စစ်တပ်၏ တပ်စခန်းနှင့် ဆက်သွယ်ရေးဗဟိုဌာနအဖြစ် အသုံးပြုသည့်အပြင် ဒုံးကျည်သတိပေးစနစ်ကိုလည်း တပ်ဆင်ထားသည်။

(NORAD ဌာနချုပ်၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဂရီဂိုရီ ဂီးယိုးနှင့် NORAD တပ်ဖွဲ့ဝင်အချို့ကို ဇန်နဝါရီလ ၁၇ ရက်က အရီဇိုးနားပြည်နယ်၊ တူးဆန်မြို့ လေကြောင်းတိုက်ခိုက်ရေး တပ်မတွင် တွေ့ရစဉ်။ ဓာတ်ပုံ− NORAD)

Comments

Leave a Reply

Your email address will not be published. Required fields are marked *