လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ စစ်တွေထောင်ပိုင်မောင်ဦး၊ ထောင်အရာရှိသူထွန်းကျော်နှင့်နောက်ထပ် ထောင်ဝန်ထမ်း၃ ဦးတို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းမိသားစုတစ်ဦးကပြောသည်။
ထောင်ပိုင်မောင်ဦးကိုဇန်နဝါရီလ ၁၈ ရက်ည ၁၀ နာရီခန့်တွင်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းကပြောဆိုသည်။
“၁၂ရက်နေ့ ည ၈ နာရီမှာ စရဖက ထောင်ကို ဝင်စစ်ခဲ့တာရှိတယ်။ အဲ့ဒီနေ့ကတည်းကထောင်ထဲမှာ ထောင်သားဆီက ဖုန်းတွေ့လို့ ဒုအရာခံအပါအဝင် ထောင်ဝန်ထမ်း ၄ ယောက်၊ထောင်သား ၂ ယောက် အရေးယူခံရပြီး ထောင်ပိုင်အစစ်ဆေးခံနေခဲ့ရတာ။ ၁၈ရက်နေ့ကမှ ထောင်ပိုင်ကို ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။
စစ်တွေထောင်တွင်ဘင်္ဂလားဒေ့ရှ်မှမွတ်ဆလင် အကျဉ်းသားနှင့် ရခိုင်မှ မွတ်ဆလင် အကျဉ်းသား အချင်းချင်းရန်ဖြစ်ကြစဉ် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် အကျဉ်းသားများက စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို ဖုန်းဆက် တိုင်ကြားခဲ့သည့်အတွက် စစ်ကော်မရှင်ကလည်းအဆိုပါဖြစ်စဉ်ကို သိရှိသွားပြီးနောက် ဇန်နဝါရီလ ၁၂ ရက် ည ၈ နာရီခန့်မှာ စရဖကစစ်တွေအကျဉ်းထောင်ကို ဝင်ရောက် စစ်ဆေးခဲ့သည်။
ထိုဖြစ်စဉ်အတွင်း ထောင်သား ၂ ဦး နှင့် ဒုအရာခံဗိုလ် ထွန်းကျော်အပါအဝင် ထောင် ဝန်ထမ်း ၄ ဦးကို စရဖက ဖမ်းဆီးခဲ့ပြီး ထောင်ပိုင်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ပိုင်ကိုပါ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
အကျဉ်းထောင်သားများဖုန်းသုံးခွင့်မရှိသော်လည်း ထောင်အတွင်းတွင်ငွေကြေး ရယူပြီး အသုံးပြုခွင့်ပေးထားရာမှပြဿနာတက်ပြီးနောက်ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားလာခြင်းဖြစ်သည်။
စစ်တွေထောင်ကို ဝင်ရောက်စစ်ဆေးစဉ်ဖုန်းအလုံး ၅၀ ခန့်ကို စရဖ အဖွဲ့က သိမ်းဆည်းရမိသွားသည်ဟုလည်း သိရသည်။
(ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်)

Leave a Reply