အာရက္ခတပ်တော်(AA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့၏ တိုက်ပွဲများမှာ ရခိုင်-ပဲခူးလမ်း ပေါ်က ကပစ (၁၆) နှင့် (၂) မိုင်ခန့်အကွာထိရောက်ရှိလာပြီး နှစ်ဖက် တိုက်ပွဲများမှာ ခပ်စိပ်စိပ်နှင့် ခပ်ပြင်းပြင်း ဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းရင်းမြစ်ဦးက ပြောသည်။
” ကပစ(၁၆)အနားက စစ်ကြောင်းတွေကို AA နဲ့တော်လှန်ရေးတပ်တွေကပြောက်ကျားစနစ်နဲ့တိုက်တာ။ ကပစ ၁၆ နဲ့ တစ်ခါတစ်လေကျရင် ၂မိုင်၊တစ်ခါတလေကျရင်၃မိုင်အကွာလောက်အထိပေါ့။ဒရုန်း တွေ လည်းပစ်ခတ်မှုရှိတယ်။အေအေကတော့ လျှပ်တစ်ပြက် ဝင်တိုက်တာပေါ့။ ခုရက်ပိုင်းတော့မကြာမကြာတိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ပြောသည်။
ရခိုင်ရိုးမအရှေ့ခြမ်းပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြိုနယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာကပစ (၁၆)နှင့် ၂ မိုင်ခန့်အကွာထိကို AAနှင့်ပူး ပေါင်းတပ်တို့ကပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မှုများရှိနေ၍စစ်ကော်မရှင် တပ်ဘက်က အကျအဆုံးများနေပြီး ထွက်ပြေးမှုများလည်း ရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” အကျအဆုံး အထိခိုက်များတော့ ရင်ဆိုင်တိုက်ပွဲထက် လေကြောင်းကို အဓိကအားကိုးပြီး စစ်တပ်ဘက်က တိုက်တယ်။ ညဖက်ဆိုရင် ပါရာမိုတာ ၅စီးထက်မနည်းဘူး။ ကပစ ပတ်ဝန်းကျင်နဲ့ ၆၆၆ ပွိုင့်စခန်းကုန်းပတ်ဝန်းကျင်ကိုပစ်တာ။အရင်ကထက်စစ်တပ်က ဒရုန်းတွေပစ်တာများလာတယ်။ ဝင်တိုက်မှာကိုစိုးရိမ်နေပုံရတယ်” ဟု ပြောသည်။
အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်တို့မှပစ်ခတ်သည့် ဒရုန်းဗုံးများ၊လက်နက်ကြီးများသည် ကပစ(၁၆)အနီးဝန်းကျင်အထဲထိ ကျရောက်မှုရှိလာသလိုAA၏ စနိုက်ဘာသမားများ၏ တိုက်ခိုက်မှုကလည်း ကပစ (၁၆) အနီးထိ ရောက်ရှိလာသဖြင့် စစ်ကော်မရှင်တပ်ဘက် စိုးရိမ်မှုများရှိနေကာ အနီးဝန်းကျင်ရှိ တောတောင်များကို ညအချိန်တွင် ပါရာမိုတာများဖြင့်နေ့စဉ် ဗုံးလာကြဲနေကြောင်း ၎င်းက ပြောသည်။
လက်ရှိတိုက်ပွဲများ နီးကပ်လာသဖြင့် မသုန်ရွာအထိ စစ်ကော်မရှင်ဖက်မှ အင်အားတိုးချဲ့ဖြန့်ကျက်ချထားသည်ဟုသိရသည်။
ရခိုင်ရိုးမအောက်ခြေရှိမသုန်ရွာအနီးကကပစ (၁၆) သည်ဗုံးသီးအမျိုးမျိုး၊ ခဲယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ရန်ယမ်းအဓိကချက်သည့်ကပစစက်ရုံတခုဖြစ်ပြီးလက်ရှိတွင်AA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးအရ ခြိမ်းခြောက်မှုကို ခံနေရပြီဟု သိရသည်။
ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ပန်းတောင်းမြို့နယ်အတွင်းတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ၅ရုံရှိပြီး အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ထိုးစစ်မှာ ကပစစက်ရုံများအနီးသို့ တဖြည်းဖြည်းရောက်ရှိလာပြီဟုဒေသတွင်း စစ်ရေးရင်းမြစ်များက ပြောဆိုသည်။

Leave a Reply