မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်

မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုကြောင့် အရာရှိတချို့ကို ဖမ်းဆီးထားတယ်လို့ဆို

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်တပ်စခန်းတွေ အနီးရှိ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပြီး အချိန်အတော်ကြာ မီးငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီ ခန့်က မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဘယ်က စလောင်တာတော့ မသိဘူး။ မနက်ကတည်းက ဆူညံနေတာ။ မြို့နဲ့တော့ လှမ်းပေမယ့် မကွေးသွားတဲ့ လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတွေ ရပ်ထားရတယ်။ ကားလမ်းပေါ် မီး သတ်ကားတွေကော တပ်က ရေသယ်ကားတွေ ရှုပ်ယှက်ခက်နေတာ။ မီးကို မင်းလှလမ်းဆုံ ကနေ လှမ်းမြင်နေရတယ်” လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု အလွန်များနိုင်တယ်လို့ သိရပြီး အရာရှိတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မီးလောင်မှုဖြစ်ပွားရာ နေရာကို မင်းလှမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ထန်းကိုင်း နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဒဟတ်ပင် နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ညောင်ဝိုင်း နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ လင်းကယ် နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ လက်ပံတံခါး နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ရှမ်းတပ် နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁) စီး၊ ရွာသာယာ နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ PIC ရေနံချက်စက်ရုံက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ တခြား မီးသတ်ရေသယ်ယာဉ် (၂)စီး၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပြီး ပျက်စီးဆုံးရှုံးမှုတွေကိုတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။

Comments

Leave a Reply

Your email address will not be published. Required fields are marked *