UWSA (ဝ) နယ်မြေတွင် လူသတ်ပြီး အသားကို မီးဖုတ်စားသူတစ်ဦးကို ဖမ်းဆီးရမိ

UWSA ထိန်းချုပ်ရာ “ဝ” ဒေသတစ်နေရာတွင် လူကိုသတ်ဖြတ်ပြီးနောက် အသားကို မီးကင်စားခဲ့သည့် ကျူးလွန်သူတစ်ဦးကို “ဝ” ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကျူးလွန်သူကို ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သတင်းရင်းမြစ်၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ မိုင်းပေါက်ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ပြီး၊ ဖခင်ဖြစ်သူက မနိုင်သဖြင့် သူတစ်ပါးထံ အပ်နှံထားသည့် လူတစ်ဦးကို ကျူးလွန်သူက သတ်ဖြတ်ကာ မီးဖုတ်စားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က သတင်းရရှိ၍ သွားရောက်ဖမ်းဆီးချိန်တွင် သေဆုံးသူ၏ ခြေထောက်တစ်ဖက်သာ ကျန်ရှိတော့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“အိမ်ကလူတစ်ယောက်က သတ်ပြီး မီးဖုတ်စားတာပါ။ ရဲက စစ်ဆေးမေးမြန်းတော့ အသားမစားရတာ ကြာပြီဖြစ်လို့ စားလိုက်တာလို့ ပြန်ဖြေတယ်လို့ ကြားရတယ်။ ဆေးကြောင်ပြီး လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

“ဝ” ဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူသားစားသည့် အလေ့အထ ရှိခဲ့ဖူးသော်လည်း ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလများတွင် အဆိုပါအလေ့အထမှာ လုံးဝပပျောက်သွားခဲ့ပြီ ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ “ဝ” အာဏာပိုင်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကျူးလွန်သူကို “ဝ” ဒေသ၏ တရားစီရင်ရေးအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *