လေကြောင်းဗုံးကြဲလို့ မိဘ ၂ ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အနာတော့ သိပ်မကျက်သေးဘူး။ ညီအစ်ကို၊ မောင်နှမ ၇ ယောက်ရှိတဲ့ အထဲ အဲဒီ ထိခိုက်ဒဏ်ရာရထားတဲ့ ဘေဘီက အငယ်ဆုံး။ အခု အကူအညီတွေလည်း နည်းနည်းလာကြပြီ။ မိဘ ၂ ပါးလုံး ဆုံးသွားပြီ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကလေးငယ်ကို ကြည့်ရူ့စောက်ရှောက်မယ့် ဆွေမျိုးတွေတော့ ရောက်ရှိလာပြီလို့ ဆိုပါတယ်။
အမျိုးသမီးအဖွဲ့ဘက်က လာရောက်ကူညီနေတာရှိပေမယ့် ကလေးလေးအတွက် နေ့စဉ်အသုံးအဆောင် နဲ့ ဆေးဝါးဖိုးတွေ အကူအညီလိုနေဆဲဖြစ်တယ်လို့ သူက ထပ်မံ ပြောပြပါတယ်။

“ကလေးအတွက် သေးခံတွေ၊ ကလေးသောက်ဖို့ ဒူးမစ်တွေ အကူအညီတွေလိုဆဲဖြစ်တယ်လို့ သိရတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်ရဲ့ မျက်နှာမှာ လေယာဉ်ဗုံးစတွေ ထိမှန်ထားသလို မျက်လုံးတွေပါ ယောင်ကိုင်းနေတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က ဗန်းမော်မြို့ အနောက်ဘက် ဧရာ၀တီမြစ်ရဲ့ တဖက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်ကြိမ်၊ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင် ဒေသခံပြည်သူ ၁၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦးမှာ ဆေးရုံကို ပို့ဆောင်ချိန်လမ်းမှာ သေဆုံးသွားကာ နောက်ထပ် ဒဏ်ရာ ပြင်းထန်သူ ၂ ဦးက ဆေးရုံမှာ ဆေးကုသနေချိန် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ပြင်းထန်သူ ဒေသခံ အယောက် ၃၀ ကျော်ဟာ လက်ရှိ ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Leave a Reply