ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်က အပြင်းအထန်ခုခံကာကွယ်နေ

ရခိုင်ကမ်းရိုးတန်းတွင် အကြီးမားဆုံး ရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူအခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်အနီးတွင်အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က ကြည်း၊ ရေ၊လေ အသုံးပြုကာ အဆိုပါ ရေတပ်ဌာနချုပ်အထိ တိုက်ပွဲများမရောက်လာရန်အတွက် အပြင်းအထန် ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” သူထိုး၊ကိုယ်ထိုးဖြစ်နေတာ။တိုက်ပွဲပြင်းနေတယ်။ဒရုန်း၊စက်သေနတ်သံတွေကတော့ အခုထိပစ်တုန်း။ မြေပြင်အခြေအနေ ဘယ်သူသာလည်းတော့မသိရသေးဘူး ” ဟု ပြောသည်။

လက်ရှိတိုက်ပွဲများမှ ပစ်ခတ်သံများကို ဓည၀တီရေတပ်စခန်းဘက်က အပြင်းအထန် ကြားနေရသော်လည်း AA က ဓည၀တီရေတပ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင် နေပြီလားဆိုသည်ကိုတော့ အတိအကျမပြောနိုင်သေးဟု ၎င်းက ပြောသည်။

စက်သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများကို ယခင်နေ့များကထက် ပိုမို ပြင်းပြင်းထန်ထန်ကြားရပြီးလေယာဉ်များမှလည်းဗုံးချသံ၊ နေဗီများက ပစ်ခတ်သံများကြောင့် ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အထူးထိတ်လန့် စိုးရိမ်နေရသည်ဟုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

” ဇန်နဝါရီ ၂၆ ရက်နေ့မှ ဇန်နဝါရီ ၂၇ နေ့ နေ့လယ်အထိ မနေ့ညကတစ်ညလုံးကြားရတယ်။ရေတပ်ရှိတဲ့ သစ်ပုတ်တောင်ဖက်က ကြားရတာ။ဒီနေ့လည်း တမနက်လုံး ပစ်သံကြား‌နေရတယ်။အခုလည်းပစ်တုန်း။ နေဗီကနေလည်း တစ်ခါပစ်ရင် သုံးလေးလုံးထွက်သလိုမျိုးပစ်သံတွေကို ဆက်တိုက်ကြားရတယ်” ဟု ပြောသည်။

နေရာအများအပြားမှပစ်ခတ်သံများကို ကြားနေရပြီး စိုင်ခြုံဒွိန်ဘက် ရေပြင်တွင် ရပ်နားထားသည့် နေဗီမှလည်းလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်လျက်ရှိသည်ဟု ကျောက်ဖြူ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

“ ဓညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးထိ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲပြင်းနေတယ်။ဓညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးအပြင် ဒိုးမတောင်၊ကုလာဘာနဲ့သိုင်းချောင်းပတ်ဝန်းကျင်တို့ကလည်းသေနတ်ပစ်ခတ်သံတွေကို အပြင်းအထန်ကြားရတယ်။ ထိတွေ့ တိုက်ပွဲပြင်းလျက်ရှိနေပါတယ်”ဟု ပြောသည်။

စစ်ကော်မရှင်၏အဓိက စစ်စခန်းကြီးများ တည်ရှိရာ နေရာအနီးဝန်းကျင်ထိ တိုက်ပွဲများပြင်းနေသည့်အတွက်အကြမ်းဖက် မြန်မာလေတပ်ကလည်း တိုက်ပွဲနှင့် မသက်ဆိုင်သည့် လူနေကျေးရွာများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “ ကုလာဘာတဖက်ကမ်းရှိ ဝါးတောကျေးရွာအပါအဝင် သစ်ပုတ်တောင်တိုက်နယ်၊ဇင်ချောင်းတိုက်နယ်မှ ကျေးရွာတချို့ကို ဒီကနေ့မှာ နေဗီ ၊ ဒရုန်း၊ Y-12တွေနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပါတယ်။စစ်ဘေးရှောင်ရှိတဲ့နေရာတွေရွာတွေဖက်ကိုနေဗီကနေပစ်တာတွေ ဒရုန်းနဲ့ပစ် တာ တွေလုပ်နေတယ်အခု။ ဝါးတောဖက်ကိုလည်း Y-12နဲ့ကြဲနေတယ်။ပစ်‌ နေတုန်းမို့ အထိခိုက်မသိရသေးဘူး” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများရှိသည့်နေရာများကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခြင်းတို့အားဆက်တိုက်ပြုလုပ်ပြီး ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းအရပ်သားပြည်သူ လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟုအာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *