ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် ၁ စီး အင်ဂျင်ခန်းကနေ စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက် ဒီကနေ့ မနက်အစောပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၅) အနီးမှာ “ဒို့ညီနောင်” ခရီးသည်တင် ယာဉ်ဟာ အင်ဂျင် အနောက်ခန်းကနေ စတင်ပြီး အပူရှိန်လွန်ကဲရာက မီးလောင်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“အင်ဂျင်အပူလွန်ပြီး လောင်တာလို့ ပြောတယ်၊ ဝါယာရှော့တွေ ဖြစ်ပြီး ကားအတွင်းခန်းတွေထဲထိ မီးကူးသွားတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အဆိုပါ ယာဉ်မီးလောင်ကျွမ်းမှုဟာ နာရီဝက်ခန့် ကြာမြင်ခဲ့တယ်လို့ သိရပြီး ကားပေါ်ပါလာသူတွေ ဘေးကင်းခဲ့သလို ကားအောက်ခန်းထဲက ကုန်ပစ္စည်းတချို့ကိုလည်း ထုတ်ယူနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

“လူတွေ ထိခိုက်တာ မရှိပါဘူး၊ ကားအောက်ခန်းက ကုန်တွေတချို့ကို သယ်ထုတ်နိုင်ခဲ့တယ်၊ ကားတော့ ပျက်စီးသွားပါတယ်” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ မကြာခဏ ဆိုသလို ခရီးသည်တင်ကားတွေနဲ့ အိမ်စီးကားတွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အများစုက ဆီယိုစိမ့်တာ၊ အင်ဂျင်အပူ လွန်ကဲတာတွေနဲ့ ဝါယာရှော့ ဖြစ်တာတွေကြောင့် မီးလောင်တာတွေ အဖြစ်များတယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *