စစ်အုပ်စု ၉၀ ကျော် သေပြီး ၁၀၀ ကျော် သုံ့ပန်းအဖြစ် ဖမ်းမိ၊ လက်နက် ၁၈၀ ကျော်ရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်အုပ်စု အခြေပြုရာ စစ်စခန်းလေးခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်အုပ်စု ၉၆ ယောက် သေကာ ၁၀၁ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ဒီဇင်ဘာကနေ ယခု ၂၀၂၆ ဖေဖော်ဝါရီလဆန်းပိုင်းအထိ PDF၊ ပကဖ နှင့် EROs (AA) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းရှိ စစ်အုပ်စု အခြေစိုက် စခန်းတွေ ဖြစ်တဲ့ ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ပေကြီး(ပျူစောထီး)ရွာစခန်း၊ ငှက်ပျောတိုင်း(ပျူစောထီး)စခန်း၊ ကျွန်းလှမြို့နယ်ရှိ အင်တိုင်း (ပျူစောထီး)ရွာ စခန်းနဲ့ ကောလင်းမြို့ကနေ ထွက်လာတဲ့ လှုပ်ရှားစစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကိုးတောင်ဘို့ရွာစခန်းမှာ ဗိုလ်ကြီးအဆင့် နောင်သူရ ဦးစီးတဲ့ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၃၀၅နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ AA(EAOs) တို့က ဇန်နဝါရီ ၂၈ ရက်ကနေ ၃၁ ရက်အထိ တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ပေကြီးရွာစခန်းနဲ့ ငှက်ပျောတိုင်းရွာစခန်းရှိ ဒု-ဗိုလ်မှူးကြီးအဆင့် အောင်မျိုးဦး ဦးစီးတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၅ ယောက်ကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့၊ ကန့်ဘလူခရိုင် ကျေးရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပူးပေါင်းအဖွဲ့တွေက ၂၀၂၅ ဒီဇင်ဘာ ၂၀နဲ့ ၂၁ ရက်တွေမှာ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့တာလို့ အမှတ် ၁ စစ်ဒေသက ဖော်ပြပါတယ်။

အင်တိုင်းရွာရှိ တပ်ကြပ်ကြီးအဆင့် အောင်အောင် ဦးစီးတဲ့ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ) ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၈၅ယောက်၊ ပျူစောထီး ခေါင်းဆောင် ဇော်ကြီး ဦးစီးတဲ့ ပျူစောထီး အင်အား ၂၃ ယောက်ရှိ ရွှေပေါ်ကုန်းစခန်းနဲ့ Power House စခန်းတို့ကို ကန့်ဘလူခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လှုပ်ရှားအဖွဲ့၊ EROs(AA)၊ ကျွန်းလှမြို့နယ်/ တန့်ဆည်မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင်/အမှတ် (၁) စစ်ဒေသ ဒရုန်းတပ်ဖွဲ့၊ ခရိုင် လက်နက်ကြီးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့က ၂၀၂၅ ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၁ ရက်အထိ တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကောလင်းမြို့ကနေ ကောလင်းနယ်၊ သရက်ခုံရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ EROs(AA) ပူးပေါင်းအဖွဲ့တို့က ဖေဖော်ဝါရီ ၇ရက်နဲ့ ၈ရက်တွေမှာ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၉၆ ယောက် သေကာ ၃၀ ကျော် ဒဏ်ရာရပြီး ၁၀၁ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အုပ်စုက Jet Fighter – တိုက်လေယာဉ်၊ Y-12 လက်စုံသုံး လေယာဉ်တွေနဲ့ ၃၇ ကြိမ်အထိ လာရောက်ကာ ဗုံးကြဲခဲ့သလို ဂျိုင်အိုကော်ပရာ – Gyrocopter နဲ့ လေးကြိမ်၊ ကာမီကာဇယ် ဒရုန်းနဲ့ လေးကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုထဲကနေ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်၊ ခဲယမ်း၊ စစ်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

“ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ပြီး အင်တိုင်းရွာ စခန်းနှင့် ကိုးတောင်ဘို့ရွာ စခန်းအား မိမိတို့ဘက်မှ ဆက်လက် ထိမ်းသိမ်းထားသည်” လို့ အမှတ် ၁ စစ်ဒေသက ဖော်ပြပါတယ်။

ကိုးတောင်ဘို့ရွာ အပါအဝင် ကန့်ဘလူနယ်ထဲ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်စခန်းတွေဟာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာ ကျသလို ကန့်ဘလူ – ကောလင်း – ဝန်းသို – ဗန်းမောက် မြို့နယ်တွေအတွက် စစ်အုပ်စုရဲ့ အဓိက ထောက်ပို့ စခန်းတွေ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကန့်ဘလူနယ် စခန်းသိမ်းတိုက်ပွဲတွေက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – အမှတ် ၁ စစ်ဒေသ


Leave a Reply

Your email address will not be published. Required fields are marked *