ကုန်စုံဆိုင်ပေါ် ပေါင် ၅၀၀ ဗုံး ကြဲချခံရပြီး စျေးဆိုင်နဲ့ စျေးဝယ်နေသူတွေ တစစီ လွင့်စင် ပျောက်ကွယ်

ထပ်မံ ဗုံးကြဲမှာ စိုးရိမ်ကြောက်ရွံ့လို့ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို မနေ့က မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စု‌က ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲချခဲ့ရာ ပြည်သူ ငါးဦးရဲ့ အလောင်းသာ ရှာတွေ့ပြီး အလောင်းရှာမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် ၁၀ကြိမ်ခန့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု ကြဲချတဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးဟာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ တိုက်တစ်လုံးပေါ် တည့်တည့်ကျပြီး အဲ့ဒီ စျေးဆိုင်နဲ့ စျေးဝယ်နေသူတွေ တစစီ လွင့်စင်သွားကာ စျေးဆိုင်အနီးရှိ နေအိမ်တွေပါ ထိမှန်ကာ ပြည်သူတွေ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်ကို ဈေးဝယ်နေတာတွေ ရှိမယ်၊ ဆိုင်က ဝန်ထမ်းရှိမယ်၊ ဘေးက နှစ်အိမ်က ပြည်သူ ရှိမယ်၊ ဘေးနှစ်အိမ်က ညီအမ နှစ်ယောက်ကတော့ ဆုံးတယ်ပေါ့၊ တစ်ယောက်ကတော့ Dead Body တွေ့တယ် ပေါ့ဗျာ၊ နောက်တစ်ယောက်ကတော့ ဆေးခန်းသွားနေရင်း သေတာပေါ့၊ ကျန်တဲ့ သုံးယောက် ကတော့ ဆိုင်ထဲမှာ ရှာတာကတော့ Dead Body ဘာညာ မတွေ့ဘူးဗျ။ ဘယ်လို သတ်မှတ်ရလဲ ဆိုတော့ ကြဲသွားတာက တိုက်ကြီးကို လုံးလုံး ပျောက်သွားတာပေါ့ဗျာ။ ဘာမှ မရှိတော့ ဘယ်နှစ်ယောက် ရှိတယ် ခန့်မှန်းလို့ မ‌ရဘူးဗျ၊ အခုထက်ထိအောင် အတည် မပြုနိုင်သေးဘူး၊ မီးငြိမ်းဖို့‌လုပ်တော့ ဦးခေါင်း အရေခွံတွေ ပြတ်ထွက်နေတာတွေတော့ တွေ့တာပေါ့”

ဗုံးကြဲခံရတဲ့ စျေးဆိုင်ဟာ ဆိုင်ကယ်အပိုပစ္စည်းနဲ့ ကုန်မျိုးစုံရောင်းတဲ့ ဆိုင်ဖြစ်ပြီး ဗုံးထိပြီးနောက် ဆိုင်ပြိုကျ၊ လွင့်စင်ကုန်သလို မီးပါလောင်တာကြောင့် ဈေးဆိုင်ထဲမှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ဈေးဝယ်သူတွေ အလောင်း ရှာမရဘဲ ခန္တာကိုယ် အပိုင်းအစတွေကိုပဲ ရှာဖွေတွေ့ရှိတယ်လို့ ဆိုပါတယ်။

ဗုံးဒဏ်ကြောင့် အဲ့ဒီ စျေးဆိုင် အပါအဝင် စျေးဆိုင်အနီးရှိ နေအိမ်နှစ်လုံးလည်း ပျက်စီးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဗုံးဒဏ်ကြောင့် နေအိမ် သုံးလုံး ပျက်စီး၊ အသက် ၁၆နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၀ ကျော်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး၊ အသက် ၁၉နှစ်အရွယ် လူငယ်နှစ်ဦး၊ စုစုပေါင်း ငါးဦး သေဆုံးကာ အမျိုးသမီး သုံးဦးနဲ့ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ထပ်မံ လာရောက်ကာ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်လို့ ချက်ကန်ကျေးရွာက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ချက်ကန်ကျေးရွာဟာ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီး ဖြစ်ပါတယ်။

ချက်ကန်ရွာမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လာရောက် ဗုံးကြဲတာဖြစ်ပြီး ဒီဒုတ်ကွင်း ပျူစောထီးရွာနဲ့ ချက်ကန်ရွာဟာ ရွာနီးချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် အပါအဝင် မကွေးတိုင်းထဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲနေပြီး ဖေဖေါ်ဝါရီ ၉ရက်ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ညောင်အုပ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့ပါသေးတယ်။

၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ထိခိုက် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၁၈၈ ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ချက်ကန်ကျေးရွာကို ဖေဖေါ်ဝါရီ ၁၀ရက် မနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်/Photo – ပေးပို့


Leave a Reply

Your email address will not be published. Required fields are marked *