ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြုလုပ်နေသော ရဲများကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြုလုပ်နေသော ရဲများကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြုလုပ်နေသော ရဲများကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်သေဆုံးမှုရှိကြောင်း Yangon Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၄၃ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့ နယ်ရှိ ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြင်ဆင်နေသည့် ရဲများကို တော်လှန်ရေး ရဲဘော်များက ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ရဲများ ထိခိုက် သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ရဲစခန်းကနေ ကင်းပတ်ဖို့ အထွက် ကားနဲ့ ဆိုင်ကယ်တန်း ထွက်လာတုန်း ဆော်လိုက်တာ အသေအပျောက် တော်တော်များတယ်။ ကျနော်တို့ YA အနေနဲ့က လုပ်စရာရှိတာ ဆက်တိုက်လုပ်နေမှာပါ။ တိုက်ခိုက်ရေးတပ်ဖွဲ့ ၇ နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွာမယ်။ တရားမဝင်ရွေးကောက်ပွဲကနေ တရားမဝင်တက်လာတဲ့အစိုးရနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်သွားမှာပါ” ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုတိုက်ခိုက်မှုကို Yangon Army (YA) နှင့် ရန်ကုန်တိုင်း (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၇) ရဲဘော်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သောပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီပြုလုပ်သည့် တရားမ၀င်ရွေးကောက်ပွဲမှ တက်လာသော အစိုးရကိုလည်း ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

“မနေ့က ညကတော့ ပေါက်ကွဲသံ တစ်ချက်ထွက်လာတာကြားရတယ်။ ပေါက်ကွဲကြားပြီး မကြာဘူး။ မီးတန်း မဖွင့်ထားတဲ့ ပရဟိတ လူနာတင်ကားတွေလည်းသွားတယ်။ အခုမနက်ကြားတာတော့ ရဲစခန်းနားလို့တော့ပြောတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သော ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *