ဟားခါးတွင် ရဲအရာရှိအပါအဝင် သုံးဦး ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေ

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲအရာရှိအပါအဝင် သုံးဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Hakha)ကို ထောက်ပံ့နေသည့် CDF-Hakha Support Team of North America က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

“ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် တာဝန်ကျသူ ရဲမင်းကြီးသည် လူမဆန် အင်မတန် ကြမ်းကြုတ် ရိုင်းစိုင်းနေပါသည်။ သူ့လက်အောက် ရဲဘော်တွေကို တနေ့ သိန်း ၃၀ ထက်မနည်း ပြည်သူတွေဆီမှ မတရားလုယူခိုင်းပြီး တပ်ကုန်းနေ ဗျုဟာမှူးထံ ကန်တော့လေ့ရှိကြောင်းသိရှိရပါသဖြင့် ပြည်ထောင်စုနေ့ ညနေခင်းတွင် CDF Hakha မှ operation လုပ်ရခြင်းဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားခါးမြို့တွင် အေးချမ်းစွာနေထိုင်နေသော ပြည်သူများထံမှ ပိုက်ဆံ မတရားထပ်မံကောက်ခံပါက ယခုထက်ပို၍ ပြင်းထန်သောပစ်ခတ်မှုများ/ဖောက်ခွဲမှုများ ထပ်မံပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ဟားခါးမြို့နေပြည်သူများအနေဖြင့်လည်း ဖေဖော်ဝါရီလ ၉ ရက်မှစ၍ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသများအတွင်း သွားလာလှုပ်ရှားမှုများမလုပ်ကြရန် CDF – Hakha က အသိပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၃ နာရီကလည်း ဟားခါးမြို့မရဲစခန်းကို CDF-Hakha နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကစီးနင်းခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ ငါးဦးသေဆုံးပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်လည်း CDF – Hakha က ဟားခါးမြို့မရဲစခန်းအား ဝင်ရောက်စီးနင်းပြီး အကျဉ်းသား အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *