ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက် ခိုက်ခဲ့ကြောင်း AIF Myanmar က ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်ပြီး ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ဒရုန်း စစ်ဆင်ရေးအဖြစ် AIF Myanmar ၏ အမျိုးသမီးတပ်ဖွဲ့ဖြစ်သော WITCH အဖွဲ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ် ဘန်ကာများကို အသေခံဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ အနီး Khuangli နှင့် Sumhrang ရွာတို့၌ တပ်စွဲထားပြီး ကလေးမြို့မှ စစ်ကူတက်လာသော စစ်ကြောင်းသည်လည်း သိုင်းငင်း-ဖလမ်း အကြားရှိ Tuphei ရွာအနီးတွင် ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရှိရသည်။

“လက်ရှိမှာ ဖလမ်းမြို့ကို စစ်တပ်က စစ်သည် အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေပြီး အသေ အပျောက် အလွန်များနေပါတယ်။ အခုထုတ်ပြန်ထားတဲ့ စစ်ဆင်ရေးကို AIF ရဲ့ WITCH အဖွဲ့က ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ အရေးပါမှုကို အလေးပေးဖော်ပြလိုပြီး အာ ဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ နိုင်ငံရှိ အမျိုးသမီးများအားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်” ဟုAIF Myanmar မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေးစုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ နီးပါးနှင့် ကျည်ဘောက်များ၊ ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ် တစ်ခုလုံးကို ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်တပ်ကင်းစင် နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည် ထိန်းချုပ်နိုင်ရန် အကြမ်းဖက် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *