ဆားလင်းကြီး PDF စခန်းမှာ အစည်းအဝေးလုပ်နေချိန် လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၃ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က PDF တပ်တွေရဲ့ စခန်းမှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် အနောက်မြောက်ခြမ်းရှိ မန်ကျီးတထောင်ရွာအနီးက PDF စခန်းမှာ မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရချိန်က စခန်းအတွင်း အစည်းအဝေး ပြုလုပ်နေချိန် ဖြစ်တယ်လို့ သိရပါတယ်။

“အစည်းအဝေး လုပ်နေတဲ့အချိန် ဖြစ်သွားလို့ ထိခိုက်သေဆုံးမှု များသွားတာပါ။ ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်သွားတာလို့ သိရတယ်။ ဖြစ်တဲ့အချိန် ဗုံးခိုကျင်းထဲ ရောက်ပြီးကြပေမယ့် မလွတ်ဘဲ ထိကုန်တာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစခန်းမှာ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အပြင် ယင်းမာပင်ခရိုင် ပကဖ၊ စစ်ကိုင်းတိုင်း ပကဖ နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်တွေ အစည်းအဝေး ပြုလုပ်နေခဲ့တာ ဖြစ်တယ်လို့ Monywa Revolution အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားသူတွေဟာ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်ရေး လှုပ်ရှားနေတဲ့ တပ်ဖွဲ့ နှစ်ဖွဲ့က တပ်ဖွဲ့ဝင်တွေလို့လည်း သိရပါတယ်။
အစိုးရတပ်ဟာ ဆားလင်းကြီးမြို့နယ် တခုလုံးမှာ ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီး၊ လက်ပံတောင်းတောင် စီမံကိန်းနေရာတွေမှာသာ စိုးမိုး တပ်ဆွဲထားနိုင်ပြီး ကျန်တဲ့ ကျေးရွာအားလုံးကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပဲခူးတိုင်း နတ်တလင်းမြို့နယ် သူယာဝတီခရိုင် အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၄ ကာကင်းစခန်းကို အစိုးရတပ်က ဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
*-*-*-*-*-*-*-*-*-*-*-*-*
စစ်မတိုက်ရပဲ ကျဆုံးရတာ ဆုံးရှုံးမှုပိုကြီးတယ်။
ပကဖစခန်းတွေ သတင်းပေါက်လို့ ဇန်နဝါရီလထဲမှာ ကောလင်း ပကဖ စခန်းဝင်စီးခံရတယ်၊
ပကဖလူငယ် ၇ ဦးကို ခြေထောက်ရိုက်ချိုး၊ ခြေဖဝါးကိုခွဲ မသေမရှင် နှိပ်စက်ပြီး အိမ်သာတွင်းထဲပြစ်ချသတ်ခဲ့တယ်။
အဲ့ဒီလို အစီးခံရလို့ရွေ့သွားတဲ့စခန်းကို နောက်နေ့မှာ ဒရုန်းနဲ့ဗုံးကြဲတာ ပကဖလူငယ်တွေထပ်ပြီး ကျဆုံးကြရတယ်။
ဖြစ်စဉ်နှစ်ခုလုံးက အကြမ်းဖက်စစ်တပ်က တော်လှန်ရေး စခန်းရဲ့တည်နေရာအတိအကျသိထာဖြစ်တယ်။

ဒီလို အတွေ့အကြုံရှိလျှက်နဲ့ ၊ မနေ့က အဲ့ဒါမျိုးထပ်ဖြစ်ပြန်တယ်။
မနေ့က ဆားလင်းကြီးမြို့နယ်၊ ဖိုလ်ဝင်တောင်အနီး ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းကိုဂျိုင်ရိုကော်ပတာ သုံးစီးက ဗုံးကြဲတာခံရတယ်။
ပကဖလူငယ် ၁၁ ဦးကျဆုံးတယ်၊ဒဏ်ရာရသူတွေလည်းရှိတယ်။
အကြမ်းဖက်စစ်တပ်က တော်လှန်ရေး စခန်းရဲ့တည်နေရာအတိအကျသိထာနေဖြစ်တယ်။
ပြောချင်တာလေးတွေရှိတယ်-
၁။ ဘာကြောင့်အခုအချိန်ထိ စခန်းမရွေ့ကြသေးတာလဲ၊ စခန်းဟောင်းတွေမှာဆက်နေကြတာလဲ ၊ ဘာလို့စုပြုံပြီးနေကြတာလဲ စဉ်းစားလို့မရဘူးလို့ပြောမယ်။
၂။ တောထဲမှာ တဲကြီး ၊ အဆောက်အဦးကြီးရှိနေရင် ထောက်လှမ်းရတာလွယ်တယ်။ အားလုံးစုနေရင်အန္တရယ်ပိုကြီးတယ်။ မြေစိုက်တဲလေးတွေကို ခြုံပုတ်တွေ၊ အပင်တွေနဲ့ကာကွယ်ပြီး တဲလေးသေးသေးတစ်ယောက်တစ်လုံးဆောက်နေလို့မရကြဘူးလားလို့မေးခွန်းထုတ်မိတယ်။
၃။ စခန်းတွေရွေ့ကြပါ။ စခန်းတွေရွေ့ပြီးရင် စခန်းနေရာကို အပြင်လူလုံးဝပေးမသိပါနဲ့ လို့တိုက်တွန်းချင်တယ်။
ခင်ဗျားတို့က တန်ဖိုးကြီးလွန်းတဲ့အတွက် စိုးရိမ်စိတ်နဲ့ရေးလိုက်တယ်။ ကျွန်တော်ရေးတဲ့စာ တစ်ဖွဲ့တစ်လေလောက်ဖတ်မိပြီး လိုက်နာလည်း အကျိုးရှိတာမို့ မျော်လင့်ချက်နဲ့ရေးလိုက်တယ်။
ဦးမျိုးရန်နောင်သိန်း


Leave a Reply