မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ပထမဆုံး လူထုကြားနာပွဲတစ်ရပ်ကို သြစတြေးလျ အထက်လွှတ်တော်ရဲ့နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဥပဒေပြုရေးကော်မတီမှာ ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာကစပြီး အပိုင်းလိုက်ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေး‌‌ကောက်ပွဲနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရပြန်လည်ပေါ်‌ပေါက်ရေး အတားအဆီးတွေအပါအဝင် မြန်မာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာတင်ပြချက်တွေကို အထက်လွှတ်တော်ကော်မတီမှာ ဖေဖော်ဝါရီလ ၁၃ ရက်တုန်းက ကြားနာခဲ့တာဖြစ်ပါတယ်။

ဒီကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)၊ မြန်မာ့အရေးလှုံ့ဆော်ကွန်ရက်(Myanmar Campaign Network)၊ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)နဲ့ သြစတြေးလျရောက် CRPH/NUG ထောက်ခံတဲ့အဖွဲ့တို့က သူတို့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေကို ကော်မတီမှာ တင်သွင်း ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။

ဒါအပြင် သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနကလည်း အစီရင်ခံတင်သွင်းခဲ့ပါတယ်။

“မြန်မာလူထုအပေါ် အကြမ်းဖက်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်ကို ဟန့်တားဖို့ရာ အစိုးရက ပိုအားကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပြီး လူသားချင်းစာနာ‌ထောက်ထားမှု အရှိန်မြှင့်ဖို့ သြစတြေးလျလူမှုအသိုက်အဝန်းက လိုလားတယ်ဆိုတာ ဒီအစီရင်ခံမှုတွေက ပြသနေပါတယ်” လို့ သြစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်က သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့ ရေးတင်ပါတယ်။

ဒီလိုလွှတ်တော်တစ်ရပ်ရဲ့ကော်မတီကနေ တင်သွင်းချက်တွေ ဖိတ်ခေါ်ပြီး ကြားနာစစ်ဆေးကာ လွှတ်တော်ကို အစီရင်ခံစာတင်သွင်းမှာ ဖြစ်ပါတယ်။

ကြားနာပွဲတွေပါဝင်တဲ့ကော်မတီရဲ့စုံစမ်းစစ်ဆေးချက်ကနေ သြစတြေးလျအစိုးရရဲ့ မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်နိုင်မှာဖြစ်တယ်လို့ သြစတြေးလျဥပဒေကောင်စီက ဆိုပါတယ်။

သြစတြေးလျဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာက လူ့အခွင့်အရေးအခြေအနေတွေကို စိုးရိမ်ကြောင်း အခါအားလျော်စွာ လူသိရှင်ကြား ထုတ်ပြောနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာ့အရေးကို စိုးရိမ်ကြောင်းပြောပြီး မြန်မာစစ်စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ဆက်နွှယ်ဆိုပြီး လုပ်ငန်းအချို့အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြုလုပ်ထားပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သြစတြေးလျရဲ့ မိုင်းတွင်းလုပ်ငန်းဆိုင်ရာကုမ္ပဏီအချို့နဲ့ ရင်းနှီးမြှုပ်နှံသူ အချို့ဟာ မြန်မာစစ်တပ်လက်အောက်က သတ္တုတွင်းဝန်ကြီးဌာန ဆက်လက် လည်ပတ်နိုင်မယ့် နည်းပညာနဲ့ သုတေသနလို ဝန်ဆောင်မှုတွေကို ပေးနေတုန်းလို့ ထောက်ပြနေကြပါတယ်။

ဒီအခြေအနေကို မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ သုတေသနအဖွဲ့ (Justice for Myanmar) ကလည်း ၂၀၂၄ ခုနှစ်ထုတ် သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြဖူးပါတယ်။

ဒါကြောင့် သြစတြေးလျ ဗဟိုအစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေ ပြုလုပ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတိုင်းအဆ ပမာဏအထိ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *