မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်တပ်က လေတပ်အရာရှိ အမျိုးသမီးတိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခင်က တိုက်လေယာဉ်အုပ်များတွင် အမျိုးသားလေတပ်အရာရှိများသာ တိုက်ခိုက်ရေးများတွင် အဓိက အသုံးပြု ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစတင်ပြီး စစ်တပ်က အမျိုးသမီးလေယာဉ်မှူးများကိုပါ တိုက်ခိုက်ရေးအတွက်ပါ လေ့ကျင့်သင်ကြား နေရာပေးလာကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လေတပ်အရာရှိ အမျိုးသမီးလေယာဉ်မှူးများကို တိုက်လေယာဉ်အုပ်များတွင် ထည့်သွင်းကာ တိုက်ခိုက်ရေး အဓိကလေယာဉ်မှူးများအဖြစ် အသုံးပြုလာနေကြောင်း သိရှိရသည်။
“တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေမှာ အမျိုးသမီး ပိုင်းလော့တွေ ပါလာကြပြီ။ အရင်က တွဲဘက်လောက်ပဲ သုံးရာက အခု တိုက်လေယာဉ်အုပ်တွေထဲမှာ အဓိက လေယာဉ်မှူးတွေအဖြစ် အသုံးပြုနေပါပြီ။ တိုက်ခိုက်မှုနဲ့ ပျံသန်းမှု စွမ်းရည်(ဗုံးကျဲမှု) ပေါ်မူတည်ပြီး အမျိုးသားလေတပ်အရာရှိတွေနဲ့ တန်းတူ အပြိုင် ရာထူးတိုး၊ ဆုပေး စနစ်တွေလည်း ကျင့်သုံးနေတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က အမျိုးသမီးလေသူရဲများကို လေ့ကျင့် မွေးထုတ်နေရာတွင် တိုက်လေယာဉ် ပိုင်းလော့လေသူ ရဲများနှင့် Mi 17 ၊ Mi 35 ရဟတ်ယာဉ်ပိုင်းလော့များကို တစ်ပတ်စဉ်လျှင် အနည်းဆုံး ၁၀ ဦးဝန်းကျင်ဖြင့် မွေးထုတ်နေကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်သည့် စစ်ဆင်ရေးများတွင် အမျိုးသမီးလေသူရဲများကို လေ့ကျင့်သင်ကြား အသုံးပြုလာခြင်းမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန် ကြားချက်အရ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က မွေးထုတ်ထားသော အမျိုးသမီး တိုက်လေယာဉ်မှူး ၁ ဦး။


Leave a Reply