ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့ တင်းမာမှု ညှိနှိုင်းနေဆဲဖြစ်ပြီး နှစ်ဘက်စလုံးက မြို့တွင်း၊ မြို့ပြင်မှာပါ တပ်စွဲထားဆဲလို့ သတင်းရရှိပါတယ်။

ကွတ်ခိုင်မြို့နေရာများစုမှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေနဲ့ MNDAA ရုံးတွေကို TNLA က အင်အားအများအပြားနဲ့ ဖေဖော်ဝါရီ ၁၃ ရက်ညမှာ လိုက်လံဖြုတ်သိမ်းတာကနေ တင်းမာမှုစတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“MNDAA က သူတို့ စီစဉ်ထားတဲ့ တရုတ်နှစ်သစ်ကူးပွဲကို မလုပ်တော့ဘူး။ TNLA ရော MNDAA ပါ နေရာတော်တော်များများတပ်စွဲထားတယ်။ အခြေအနေက စိတ်ဒုံးဒုံးချလို့ မရသေးဘူး။ ညှိတော့ ညှိတော့ ညှိနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့် တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့အကြား ဖေဖော်ဝါရီ ၁၃ရက်ညပိုင်းမှာ ပြဿနာဖြစ်ပွားပြီးနောက် လက်ရှိမှာ ဒေသတွင်း စစ်ရေးပြင်ဆင်မှုတွေရှိနေတယ်လို့ ဒေသ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

“ကွတ်ခိုင်နဲ့လားရှိုးအထက် လွိုင်ဆမ်ဆစ်တောင် တဝိုက်မှာ ကိုးကန့်ဘက်က အင်အားဖြည့်ထားတယ်ကြားတယ်။ အခု ညနေ ၆နာရီ နောက်ဆုံးထားပြီး TNLA ကို လာတောင်းပန်ခိုင်းထားတယ်လို့ ကြားတယ်။ အခြေအနေတော့ စောင့်ကြည့်ဖို့လိုပါတယ်”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်နဲ့ တအာင်းကြား ပြဿနာဟာ ပြည်သူတွေကို စိတ်ဓာတ်ကျစေသလို တော်လှန်ရေးတပ်ဖွဲ့တွေကြား စိတ်ဝမ်းကွဲမှုဖြစ်စေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒါကြောင့် အခု ပြဿနာကို နှစ်ဖက်ခေါင်းဆောင်တွေအမြန်ဆုံးတွေ့ဆုံဖြေရှင်းဖို့လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

“တကယ်လို့များ မမျှော်လင့်ဘဲထိတွေ့တိုက်ပွဲတွေ စလိုက်ရင်တော့ မီးပြန်ငြိမ်းဖို့ ဆိုတာမလွယ်လောက်ဘူး”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ တရုတ်အစိုးရ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။

ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြား အခြေချလှုပ်ရှားလျက်ရှိရာ MNDAAနဲ့ TNLAအကြား၊ TNLAနဲ့ SSPP အကြား၊ TNLAနဲ့ KIAအကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူထားခဲ့ကြတဲ့ကွတ်ခိုင်မြို့ကို TNLA ရော MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားတည်‌ ဆောက်ခဲ့ကြတာပါ။

သိန္နီ၊ကွတ်ခိုင်၊ လောက်ကိုင်၊ မုံးကိုးခရိုင်တွေကို ခရိုင် (၄) ခု၊ မြို့တော် (၁)ခုပါဝင်တဲ့ အထူးဒေသ(၁)အဖြစ် MNDAAက ဖွဲ့စည်းထားပါတယ်။TNLAကလည်း တပ်မဟာ(၅)စစ်ဒေသအဖြစ် ကြေညာထားပါတယ်။

TNLAနဲ့ MNDAAဟာ အာရက္ခတပ်တော်(AA)နဲ့အတူ မြောက်ပိုင်းညီနောင် သုံးဖွဲ့မှာ ပါဝင်ပါတယ်။

လက်ရှိမှာလည်း မူဆယ်မြို့နယ်က (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်နဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ် ထိန်းချုပ်ရေးနဲ့ ကုန်သွယ်ရေးကို ပူးတွဲစီမံခန့်ခွဲနေတာပါ။

ဖေ‌ဖောဝါရီ၁၃ရက်ဖြစ်စဉ်မှာ ပစ်ခတ်မှုအသေးစားနဲ့ ခိုက်ရန်ဖြစ်ပွားမှုလည်းဖြစ်ခဲ့ပါတယ်။ MNDAA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုမှာ MNDAAတပ်ဖွဲ့ဝင်၃ဦး၊ TNLA တပ်ဖွဲ့ဝင် ၄ဦး သေဆုံးတယ်လို့ လူမှုကွန်ရက်စာမျက်နှာတချို့က တင်နေပေမယ့် မဟုတ်ဘူးလို့ ဒေသခံသတင်းရင်းမြစ် ပြောပါတယ်။

ဖေ‌ဖော်ဝါရီ ၁၃ရက်ညအခြေအနေအရ တိုက်ပွဲဖြစ်မယ်လို့ မြို့ခံတွေစိုးရိမ်ခဲ့ကြပြီး ဒီနေ့ဖေ‌ဖော်ဝါရီ ၁၅ရက်အထိ ပစ်ခတ်မှုထပ်မဖြစ်တာကြောင့် ထိပ်ပိုင်းအရာရှိတွေကြား နှစ်ဘက်ညှိနှိုင်းလိုက်ပြီလို့ ဒေသခံတွေက ယူဆထားပြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက သတင်းမထုတ်ပြန်သေးပါဘူး။


Leave a Reply

Your email address will not be published. Required fields are marked *