မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဗန်းမတ်ရွာသစ် (စစ်ဘေးရှောင်ရွာ) ကို မီးရှို့ခဲ့သည့် PNO ပြည်သူ့စစ် ဗိုလ်ကြီးတဦး တိုက်ပွဲအတွင်း စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသွားသည်ဟု သတင်းရင်း မြစ်များထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးခွန်မောင်ကွိ (ခ) လရောင် ဆိုသူသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် စနိုက်ပါထိပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“PNO လူကြီးတွေရဲ့အမိန့်အရ ၁၃ ရက်ညမှာ ပွန်ချောင်းအရှေ့ဘက်ကို ကူးပြီး ဗန်းမတ်ရွာသစ်ကို မီးရှို့တာ။ နောက်ရက် မနက်ရောက်တော့ စနိုက်ပါထိပြီး သေသွားတာလို့ပြောတယ်ဗျ၊”ဟု ခွန်မောင်ကွိနှင့် တစ်ရွာတည်းနေ သတင်းရင်း မြစ်တစ်ဦးက ပြောသည်။

၎င်း၏ နာရေးကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဟုလည်း ခွန်မောင်ကွိနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနေ့ နေ့လယ် ၁ နာရီမှာ မြေကြီးချမယ်။ သူရွေးတဲ့လမ်း သူလျှောက်ရတာပေါ့။ သူက ဗိုလ်ကြီးအဆင့် ဆိုတော့ နာရေးလုပ်ခွင့်ရှိတယ်။ အဲ့ကြောင့် ထင်ထင်ရှားရှားဖိတ်စာနဲ့ အမျိုးတွေကို ဖိတ်ပြီး လုပ်ခွင့်ရတာ။ သူက လူပျိုမဟုတ်ဘူး၊ မိသားစုရှိပြီ”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသည့် ဗိုလ်ကြီးခွန်မောင်ကွိသည် တောင်ကြီးမြို့နယ်၊ မူးယားကျေး ရွာအုပ်စု၊ ကန်လောင်းကျေးရွာတွင်နေထိုင်သူ ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦးကျန်ရစ်သည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပွန်ချောင်း တိုက်ပွဲအတွင်းတွင် အဓမ္မ စုဆောင်းထားသော အသက်မပြည့်သေးသည့် ကလေးစစ်သားများကိုပါ ရှေ့ တန်းသို့ ပို့ဆောင် တိုက်ပွဲဝင်စေခြင်းကြောင့် တိုက်ပွဲအတွင်း သေဆုံးသူ ၂၀၀ ကျော်ရှိသော်လည်း အရာရှိအဆင့်များကိုသာ အလောင်းပြန်အပ်ကာ နာရေးပြုလုပ်ခွင့်ပေးသည်ဟု ဒေသခံပအိုဝ်း သတင်းရင်းမြစ်များထံမှ သိရသည်။

PNO သည် တရုတ် ဒေါင်ဖန်းကုမ္ပဏီနှင့် ပူးပေါင်းကာ ပွန်ချောင်းတွင် ရေအားလျှပ်စစ်စီမံ ကိန်း ၄ ခုထက်မနည်း တည်ဆောက်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် စစ်ကောင်စီနှင့် ပူးတွဲကာ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသကို ထိုးစစ်ဆင်နေပြီး ခြိန်နန်းကျေးရွာနှင့် ဗန်းမတ်ရွာသစ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။


Leave a Reply

Your email address will not be published. Required fields are marked *