ဗိုလ်နဂါးရဲ့ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းရာက တိုက်ပွဲဖြစ်နေ စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့နေရာ ဗုံးပတ်ကြဲကာ အမြတ်ထုတ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဒီကနေ့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ကြား တိုက်ပွဲတွေ အပြင်းအထတ် ဖြစ်ပွားနေပြီး နှစ်ဖက်ရဲဘော် ၁၀ ဦးကျော် ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖေါ်ဝါရီ ၁၇ရက် ဒီကနေ့ မနက် ၆နာရီခွဲလောက်က စတင်ကာ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း BNRA ရဲဘော် ၁၀ ဦး ကျဆုံးပြီး PDF တပ်ရင်းတွေဘက်က တစ်ဦး ကျဆုံးတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ပြောပါတယ်။ BNRA ရဲဘော် ၁၀ ဦးခန့် ကျဆုံးကြောင်း ဗိုလ်နဂါးကလည်း လူမူကွန်ယက်မှာ ဖော်ပြပါတယ်။ “အခု တော်လန်ရေးတာဝန်ကို မိသားစုပစ်ပြီး ထမ်းဆောင်ခဲ့ကြတဲ့ ကျနော်တို့ ရဲဘော် ၁၀ ယောက်လောက် အသက်တွေ ဆုံးရှုံးလိုက်ရတယ်” လို့ ဗိုလ်နဂါးက ဆိုပါတယ်။ ပုလဲနယ်ထဲတော်လှန်ရေးတပ်တွေ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေတာကြာင့် အနီးဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနက် ၆နာရီခွဲလောက်က စတင်ကာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် ပုလဲမြို့နယ်အတွင်း၊ ပုလဲနယ် မြောက်ခြမ်း၊ ယင်းမာပင်နယ်စပ်အနီးရှိ ကျေးရွာ ငါးရွာကျော်က ပြည်သူ ၆,၅၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ “တိုက်ပွဲဝန်းကျင်မို့ လန့်ပြီး ရှောင်ကြရတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပုလဲဒေသတွင်း အခြေပြုတဲ့ တော်လှန်ရေးတပ်ဖွဲတစ်ဖွဲ့ဖြစ်တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ရဲ့ ဂိတ်စခန်းတချို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေက စီးနင်းရာက တိုက်ပွဲ စတင်ဖြစ်ပွားတာလို့ ဆိုပါတယ်။ “NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီနေ့နံနက် ၇ နာရီခွဲမှစ BNRA ဂိတ်စခန်းများအား လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများဖြင့်ပါ လာရောက်တိုက်ခိုက်နေပြီ ဖြစ်ပါသည်။ အစိုးရ အမည်ခံထားခြင်း၊ စစ်ဒေသ ၁ တွင်လည်း KIA အဖွဲ့အစည်းမှ ဦးဆောင်ခြင်းကြောင့် ထိုသို့ အကျည်းတန်သော လုပ်ရပ်ကို တော်လှန်ဘက် အချင်းချင်း ပြုလုပ်မည်မဟုတ်ဟု လွန်ခဲ့သော နှစ်များအတွင်း ယူဆထားခဲ့ဖူးသော်လည်း ယခုအခါ အံ့သြဖွယ် ဆိုးသွမ်းမှုကို မြင်ရပြီဖြစ်ကြောင်းနှင့် ပြည်သူအများ လတ်တလောအချိန်အတွင်း ဘေးလွတ်ရာ စစ်ရေးသတိပြုနေကြပါရန် အရေးပေါ် အသိပေး နှိုးဆော်အပ်ပါသည်။…။ BNRA ၏ မဟာမိတ် GZA စခန်းတစ်ခုကိုပါ MOD အမှတ် ၁ စစ်ဒေသ၏ ခရိုင်တပ်ရင်းများမှ စီးနင်းတိုက်ခိုက်” လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက လူမူကွန်ယက်မှာ ဖော်ပြပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ လူသတ်မှု ကျူးလွန်ထားတဲ့ တရားခံတွေကို ဖမ်းဆီးတာလို့ NUG လက်အောက်ခံ PDF ရဲဘော်တချို့က လူမူကွန်ယက်မှာ ရေးပါတယ်။ ဗိုလ်နဂါးနဲ့ NUG ခေါင်းဆောင်တွေကြား ယခင်လပိုင်းတွေကတည်းက အငြင်းပွားမှု၊ မကျေလည်မှုတွေ ရှိခဲ့သလို ပုလဲမြို့နယ်အတွင်းမှာလည်း ဗိုလ်နဂါး ဦးဆောင်တဲ့ တော်လှန်ရေးတပ်နဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ အပါအဝင် NUG ဦးဆောင်တဲ့ PDF တွေကြား မကြာခဏ အငြင်းပွားမှု၊ မပြေလည်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပုလဲနယ်ရှိ NUG တပ်ရင်းတွေက BNRA တပ်ဖွဲ့ ဂိတ်စခန်းကို စီးနင်းကာ လက်နက်သိမ်းယူမှု လုပ်ခဲ့သလို ရက်ပိုင်းအကြာမှာ BNRA ကလည်း ပုလဲမြို့နယ် ပသုံးလုံးဂိတ်ကို ပြန်လည် စီးနင်းကာ လက်နက်သိမ်းယူမူ လုပ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၂ရက် ညနေပိုင်းကလည်း ပုလဲမြို့နယ်အတွင်း တစ်နေရာမှာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၄ က ရဲဘော်ကတုံးဆိုသူကို BNRA တပ်ရင်း ၃ ရဲဘော်နှစ်ဦးက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီ ရဲဘော်ကတုံး သေဆုံးပြီးနောက် NUG နဲ့ BNRA ကြား နှစ်ဖက်တင်းမာမူ မြင့်တက်ကာ ဒီကနေ့ မနက်ပိုင်း NUG က အထက်ပါအတိုင်း BNRA ဂိတ်စခန်းတွေကို စီးနင်းတာ ဖြစ်ပါတယ်။ “ဂိတ် ‌တစ်ဂိတ်ကို အောင်မြင်စွာ စီးနင်းပြီး။ အရှည် ၁၀လက်နဲ့ အတို တစ်လက် သိမ်းဆည်း ရမိ။ …။ မိမိတို့ဖက်မှ ရဲဘော်တစ်ယောက် ဒဏ်ရာရရှိ (စိုးရိမ်ရ)။ …။ နောက် တစ်ဂိတ် ထပ်ရ၊ ပေါင်း နှစ်ဂိတ် ရရှိ။ တတိယဂိတ်မှ ၆၀မမ တွေနဲ့ ထောက်ထားတုန်းမို့ ကြိုးစားနေဆဲ” လို့ NUG လက်အောက်ခံ တော်လှန်ရေး ရဲဘော်လို့ ယူဆရသူ Mizutani San ဆိုသူက လူမူကွန်ယက်မှာ ဖော်ပြပါတယ်။ မနက် ၆နာရီကျော်က စတင်ကာ လက်ရှိ နေ့ခင်းပိုင်းအချိန်အထိ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ဂိတ်ကို ဝင်တိုက်တော့ ရုတ်တရက် လန့်ပြေး ပြေးရတာ၊ နယ်မြေတွင်း ပဋိပက္ခက ကြာလေ ရှုပ်လေပါပဲ။ —(ရွာ)နားဂိတ်ကိုတော့ MOD PDF က သိမ်းလိုက်ပြီ။ အခြားဂိတ်တွေ တိုက်နေတယ်လို့တော့ ကြားတယ်” အဲ့ဒီလို တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်နေချိန် အာဏာသိမ်း စစ်အုပ်စုကလည်း ဒီမနက် ၁၁နာရီခွဲဝန်းကျင်အချိန်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ပုလဲနယ် ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ပွဲဖြစ်ပြီး မကြာဘူး၊ နမခက ဂျိုင်အိုကော်ပရာ သုံးစီး တက်လာပြီး လာပစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဒေသခံတွေ အနေနဲ့ တိုက်ပွဲတွေကြား လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်က ကင်းလွတ်ဖို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ BNRA ရဲဘော်တွေကို တွေ့ရစဉ်/Photo – BNRA

Leave a Reply

Your email address will not be published. Required fields are marked *