မြသွဲ့သွဲ့ခိုင် သို့မဟုတ် နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသူရဲကောင်း

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသူတွေထဲမှာတဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ဒသမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဒီကနေ့ဆိုရင် ၅ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာမှာပထမဦးဆုံးကျဆုံးခဲ့တဲ့သူလည်းဖြစ်ပါတယ်။

စစ်တပ်က မဲစာရင်းအကြောင်းပြပြီးအာဏာသိမ်းတာကိုတနိုင်ငံလုံးက ငြိမ်းချမ်းစွာဆန့်ကျင်ကြတဲ့အထဲမှာ အစိုးရရုံးအဖွဲ့နဲ့ စစ်တပ်ဌာနချုပ်တည်ရှိတဲ့ နေပြည်တော်ဟာလည်း ကျန်ရစ်မနေခဲ့ပါဘူး။

စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၈ ရက်မှာတော့ နေပြည်တော်က အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်တဲ့သူတွေဟာ နေပြည်တော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိတဲ့ သပြေဝိုင်းအဝိုင်းကို ပိတ်ဆို့ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အဲဒီဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့သပြေကုန်းအဝိုင်းကိုဖြတ်ပြီး ရုံးတက်ကြမယ့် နိုင်ငံဝန်ထမ်းတွေကို ရုံးမတက်ပဲ အာဏာဖီဆန်ကြဖို့တောင်းဆိုခဲ့ကြတာပါ။

ဖေဖော်ဝါရီလ ၉ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရေကားတွေနဲ့ ထိုးပြီးရာဘာကျဉ်တွေနဲ့ ပစ်ခတ်ကာ လူစုခွဲဖို့ကြိုးစားခဲ့ပါတယ်။

‘’ပထမတော့ ရဲတွေက ရာဘာကျဉ်နဲ့ပစ်တယ်။ ရေကားနဲ့ လူူစုခွဲဖို့ကြိုးစားတယ်။ နေ့လည်တနာရီဝန်းကျင်မှာပဲ အဲဒီကောင်မလေး(မြသွဲ့သွဲ့ခိုင်)ကျဉ်အစစ်အပစ်ခံရတယ်ဆိုတာ သိတယ်’’ လို့ အဲဒီအချိန်က သပြေကုန်းအဝိုင်းဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ အပစ်ခံရချိန်မှာ ရဲတပ်ဖွဲ့က တားဆီးထားတဲ့ စည်းသုံးစည်းရဲ့ အပြင်ဘက်မှာသာရှိနေခဲ့တာပါ။

ပျဉ်းမနားနဲ့နေပြည်တော်ကိုဆက်သွယ်ထားတဲ့ တောင်ညိုလမ်းပေါ်က ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းကို ကျောပေးထားတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကအရာရှိတဦးက သူတို့နဲ့ မျက်နှာချင်းဆိုင်ဘယ်ဘက်အခြမ်းက ကားမှတ်တိုင်မှာ ရပ်နေတဲ့ မြသွဲ့သွဲ့ခိုင်ကို သေနက်နဲ့ အသေအချာချိန်ပြီး ပစ်ချလိုက်တာကို အဲဒီတုန်းက ဓာတ်ပုံမှတ်တမ်းတချို့အရသိရပါတယ်။

အဲဒီရဲအရာရှိပစ်လိုက်တဲ့ ကျဉ်ဆန်ဟာ ကားမှတ်တိုင်မှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီးရပ်နေတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို တိုက်ရိုက်ထိမှန်ပြီးနောက်ပြန်လန်သွားတဲ့ ဗီဒီယိုဖိုင်အပိုင်းအစလေးကလည်း အဲဒီတုန်းက မြန်မာပြည်သူအများအပြားကို စိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ်။

ဆိုင်ကယ်စီးဦးထုပ်ကို ဖောက်ပြီး ဦးခေါင်းထဲကို မှန်တဲ့ မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ အရေးပေါ်ကုသဆောင်မှာ ဆရာဝန်တွေက အောက်စီဂျင်ပိုက်နဲ့ အသက်ကယ်ဖို့ကြိုးစားခဲ့ပေမယ့် ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်မှာ ကျဆုံးသွားခဲ့ရတာပါ။

ကျဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အလောင်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာတော့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကနေ ကွေ့ကြီးသုသန်ကိုမြေချဖို့ပို့ဆောင်ခဲ့ရာမှာသောင်းနဲ့ချီတဲ့ လူထုကြီးက မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ပို့ဆောင်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ ကျဉ်ဆန်အစစ်အသုံးပြုခဲ့တာမဟုတ်ပဲ ရာဘာကျဉ်ကိုသာအသုံးပြုခဲ့တာဖြစ်လို့ အခြားပြင်ပလက်နက်တစုံတရာကြောင့်ဖြစ်နိုင်တယ်လို့ ပြောခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

ကုလသမဂ္ဂကလည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ပြည်သူတွေကို အကြမ်းဖက်လုပ်ဆောင်မှုတွေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တနိုင်ငံလုံးအနှံ့ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခက်တာ၊ ကျေးရွာတွေသာမက ဘာသာရေးအဆောက်အအုံတွေကိုပါ မီးရှိ့ဖျက်ဆီးနေပါတယ်။

၂၀၂၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က မတရားအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူတွေဟာ ဖေဖော်ဝါရီလ ၈ ရက်အထိစုစုပေါင်း ၂၉၆၄ဦး၊ ဖမ်းဆီးခံထားရသူ ၁၃၈၅၆ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် AAPP ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂နှစ်အတွင်း စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ဖမ်းဆီးထားတဲ့အမျိုးသမီးပေါင်း ၃၆၀၀ ကျော်ရှိပြီး စစ်တပ်ရဲ့ဖိနှိပ်ပစ်ခတ်မှုကြား အမျိုးသမီး အယောက် ၄၀၀ နီးပါး သေဆုံးခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒီချုပ်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းခေါင်းဆောင် ကိုဂျင်မီအပါအဝင် လေးဦးကိုသေဒဏ်စီရင်ခဲ့ပါတယ်။

စစ်ကောင်စီအကျဉ်းထောင်တွေထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၀၁ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦးလည်းရှိပါသေးတယ်။

စစ်အာဏာသိမ်းပြီး ၂နှစ်ပြည့်တဲ့ အချိန်အထိ တနိုင်ငံလုံးမှာစစ်ဘေးရှောင် ဦးရေ နှစ်သန်းနီးပါးရှိလာပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း၃၅၀၀၀ ထက်မနည်းရှိနေပါတယ်။

မြသွဲ့သွဲ့ခိုင် သေဆုံးမှု

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီ ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။

သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဖြစ်ပွားခြင်း

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မိန်းကလေးကို ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် နေပြည်တော်မြို့၊ သပြေကုန်းအဝိုင်း၏ အရှေ့တောင်ဘက်ရှိ တောင်ညိုလမ်း ဟူ၍ အတည်ပြုခဲ့သည်။

ဖြစ်ပွားချိန်မတိုင်မီတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းနေစဉ် မြသွဲ့သွဲ့ခိုင်နှင့် အစ်မဖြစ်သူတို့သည် လုံခြုံရေးစည်းကို ကျော်လွန်ခြင်းမရှိသကဲ့သို့ ပစ်ခတ်မှုများ ဖြစ်နေချိန်တွင် ပစ်ခတ်မှုများ ထိမှန်မည်စိုးရိမ်သောကြောင့် ပြန်လှည့်၍ အကာကွယ်ယူချိန်၌ ပစ်ခံရခြင်း ဖြစ်သည်ဟု မြသွဲ့သွဲ့ခိုင်၏ အစ်မက ဖြစ်သူက ပြောဆိုသည်။

သေဆုံးခြင်း

မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ဝင်နေသော ကျည်ဆန်စကို ခွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁၂ မနက်ပိုင်းတွင် ဆရာဝန်များက လက်လျှော့ခဲ့ကြသည်။

ထို့နောက်တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၏ ဆရာဝန်တစ်ဦးက ဦးနှောက်သေဆုံးသွားပြီဟု သတ်မှတ်ကြောင်းနှင့် အသက်ရှူစက်ဖြုတ်ရန် မိသားစုဝင်များကို အကြောင်းကြားထားသည်ဟု ပြောဆိုခဲ့၍ ဆေးပညာအရ ဦးနှောက်သေဆုံးသည်ဟု သတ်မှတ်ခြင်းသည် အမှန်သေဆုံး သွားခြင်းဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အသက်ရှူပိုက်ကိုဖြုတ်ပြီး ရုပ်အလောင်းကို သယ်ယူရန် မိသားစုက သဘောတူလက်ခံသော်လည်း အာဏာပိုင်များဘက်က ရသလောက်အချိန်ဆွဲထားရန် နှုတ်ဖြင့် ဖိအားပေးခဲ့သောကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အချိန်ဆွဲခဲ့ကြရသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ခဲ့လေသည်။

စိစစ်တွေ့ရှိချက်များ

လူမှုကွန်ယက်အပေါ်တွင် တွေ့ရှိရသော သူမ၏ဆိုင်ကယ်စီးဦးထုပ်ပုံများအရ ကျည်ဆန်မှာ ဦးထုပ်ကို ဖောက်ထွက်သွားပုံရပြီး ရာဘာကျည်မဖြစ်နိုင်ကြောင်း၊ ကျည်အစစ်သာ ဖြစ်နိုင်ကြောင်းကို မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူဖြစ်သော ဒေါက်တာကိတ်ဟယူဝင်ဇ် (Kate Hewins)မှ ကောက်ချက်ဆွဲခဲ့သည်။

ထို့အပြင် သူမ၏ လဲကျသွားသည့် ပုံသဏ္ဌာန်အရ ၎င်းကျည်ဆန် ပြန်စဉ်လာခြင်းမျိုးမဟုတ်ပဲ တိုက်ရိုက် ထိမှန်ခံရခြင်းဖြစ်ကြောင်းကို သူမက ကောက်ချက်ချခဲ့သည်။

၎င်းကို ကုသသော နေပြည်တော်ဆေးရုံရှိ ဆရာဝန်တစ်ဦးက ကျည်ဖူးမှာ သူမ၏ ဦးခေါင်းအတွင်းစိုက်ဝင်နေကြောင်း၊ သူမဦးနှောက်လုပ်ငန်း အများစုမှ အလုပ်မလုပ်တော့ကြောင်း၊ ဒဏ်ရာမှာ ကျည်အစစ်ကြောင့် ရရှိသော ဒဏ်ရာပုံဖြစ်ကြောင်း၊ သတ္တုကျည်ဖူးမှာ ညာဘက်နားအနောက်မှ ဖောက်ဝင်ပြီး ဦးခေါင်း၏ ဘယ်ဘက်ခြမ်းတွင် စိုက်နေကြောင်း ပြောဆိုခဲ့သည်။

မြန်မာတပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနမှ လုံခြုံရေးတပ်များမှ သေစေနိုင်သောလက်နက်များအသုံးမပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း၊ ၎င်းဆန္ဒပြပွဲတွင် ရဲအဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံထုတ် အူဇီပုံစံတူ BA-94 သို့မဟုတ် BA-93 စက်သေနတ်အငယ်စား(sub-machine gun)ကို ကိုင်တွယ်ထားသည့်ပုံကို သတင်းထောက်များမှ ရရှိထားသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်သည် သူမ၏အပစ်ခံရသောနေရာနှင့် နီးကပ်သောနေရာတွင် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သူမ၏ ဒဏ်ရာပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် ကျည်အစစ်ကြောင့် ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရေးအခင်းအထောက်အထားစစ်ဆေးဌာနအကြီးအကဲ ဆဲမ်ဒပ်ဘာလေ(Sam Dubberley)မှ ပြောကြားခဲ့သည်။

မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ စစ်ဆေးတွေ့ရှိသော ဆေးမှတ်တမ်းများအရ ရဲတပ်ဖွဲ့၏ ကျည်ဆန်သည် အဓိကရုဏ်းနှိမ်နင်းခြင်း၌သုံးသော ရာဘာကျည်မဟုတ်ဘဲ သံဖြင့်ပြုလုပ်ထားသော ကျည်ဆန်အစစ် ဖြစ်သည်ဟု ထိုဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ကွယ်လွန်ပြီးနောက် ဆေးရုံမှ မှုခင်းဆရာဝန်ကြီးက မည်သည့်အတွက်ကြောင့် သေဆုံးရကြောင်းကို သိရှိစေရန် ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည်။ ထို့နောက် ကျည်ဆန်သည် ရာဘာကျည်ဆန်မဟုတ်ဘဲ ကျည်အစစ်(သတ္တုကျည်) ဖြစ်သည်ဟူ၌ ဆရာဝန်များက ထပ်မံအတည်ပြုခဲ့ကြ၏ ။

မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား

ဖေဖော်ဝါရီလ ၉ ရက် နေပြည်တော်က ဆန္ဒပြမှုအတွင်းမှာ အသက် ၁၉ နှစ်အရွယ် ဆန္ဒပြသူတစ်ဦး ပစ်ခတ်ခံရပြီးတဲ့နောက် သက်သေအထောက်အထားတွေ စစ်ဆေးဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဓာတ်ပုံတွေ အသုံးပြုပြီး မှုခင်းဆေးဖက်ကျွမ်းကျင်သူ တွေနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ရဲတွေက ကားတွေနဲ့ ရှေ့တိုးလာတယ်။ ဆန္ဒပြသမားတွေ နောက်ဆုတ်ခဲ့ကြတယ်။ ကျွန်မတို့က လမ်းဘေးက ကြည့်နေတာပါ”

ဆန္ဒပြသမားတွေကို ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ညီမဖြစ်သူရဲ့ ဦးခေါင်းနောက်ပိုင်း အပစ်မခံရခင် အခြေအနေကို ဆန္ဒပြသူ မမြသတိုးနွယ်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပြီး အခုတော့ အသက်ရှင်စရာ အခွင့်အလမ်းအလွန်နည်းနေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်း ဒီမိုကရေစီတောင်းဆိုတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာ ဒီအမျိုးသမီးငယ်လေး ပစ်ခတ်ခံရမှုဟာ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပစ်ခတ်ခံရမှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုနဲ့ သွေးသံတရဲရဲနဲ့ သတိမေ့မျောနေတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဓာတ်ပုံကိုလည်း လူမှုကွန်ရက်မှာ ကျယ်ကျယ်ပျံ့ပျံ့ မျှဝေနေကြပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လမ်းမပေါ်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် အရပ်သားတစ်ဦး ပစ်ခတ်ခံရမှုဟာ မြန်မာနိုင်ငံသား အများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဆန္ဒပြပွဲတွေအတွင်း ကျည်အစစ်တွေကို အသုံးပြုခဲ့တာ မဟုတ်ပဲ ရာဘာကျည်ကိုသာ အသုံးပြုခဲ့တာ ဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါဆိုရင် ဗီဒီယိုထဲမှာ တွေရတဲ့ အမျိုးသမီးငယ်အကြောင်း ဘာတွေ သိနိုင်မလဲ။ သူ့ကို အပစ်ခံရတဲ့အချိန်မှာ သူ ဘာလုပ်နေတာပါလဲ။ ဆန္ဒပြသမားတွေကို ကျည်ဆန်တွေနဲ့ ပစ်ခတ်ဖြိုခွင်းတာတွေ ရှိခဲ့ပါလား။

လူမှုကွန်ရက်ပေါ်မှာ မျှဝေနေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုကို ကြည့်ပြီး မှုခင်းဆေးဘက် ကျွမ်းကျင်သူတွေနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီပစ်ခတ်မှုအနီးတဝိုက်မှာ ရှိနေတဲ့ သက်သေအထောက်အထားတွေကိုလည်း ဘီဘီစီက ဆန်းစစ်ခဲ့ပါတယ်။

“အဲဒီအချိန်မှာ သူအပစ်ခတ်ခံလိုက်ရတာပါ”

အွန်လိုင်းပေါ်မှာ အတော်လေး ပြန့်နေတဲ့ ပစ်ခတ်ခံရချိန်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ လူတစ်စုဟာ ဘတ်စ်ကားမှတ်တိုင်နောက်ကွယ်မှာ ရှိနေတာကို တွေ့ရပါတယ်။

အဲဒီလူတွေထဲမှာ အကျီအနီရောင် ဝတ်ဆင်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေတာတွကိုလည်း မြင်ရပါတယ်။

အနီးအနားက လမ်းမပေါ်မှာတော့ အဓိကရုန်း နှိမ်နင်းရေး ဒိုင်းတွေ၊ အကာအကွယ်တွေနဲ့ နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တွေ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မီးသတ်ပိုက်တွေသုံး စတင် လူစုခွဲပြီး ရှေ့တက်လာတဲ့ အချိန်မှာတော့ အဲဒီဗီဒီယိုထဲမှာ သေနတ်ပစ်ခတ်သံတွေကိုလည်း ကြားရပါတယ်။

သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေကို ကျောပေးထားတဲ့ အကျီၤအနီရောင် ဝတ်ဆင်ထားသူ အမျိုးသမီးတဦး ရုတ်တရက် မြေပြင်ပေါ် လဲကျသွားတာ ဗီဒီယိုထဲမှာတွေ့ရပါတယ်။

“အွန်လိုင်းမှာ ပျံ့နေတဲ့ ဗီဒီယိုထဲကအတိုင်းပဲ ကျွန်မတို့က နောက်ဘက်နားမှာ ကွယ်ပြီးနေနေတာပါ။ ပစ်ခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်နေတယ်လို့ ထင်ခဲ့တာ” လို့ အစ်မဖြစ်သူ မမြသတိုးနွယ်က မီဒီယာသမားတွေကို ဖြေကြားခဲ့ပါတယ်။

“အဲဒီအချိန်မှာ ညီမလေး ပစ်ခတ်ခံခဲ့ရတာပါ။ သူ ဒေါသထွက်ပြီး လဲကျသွားတယ်လို့ပဲ ထင်တာပါ။ လူတွေက ဆွဲထူ ဆွဲထူဆိုပြီး ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်တဲ့အချိန်ကျမှ ခေါင်းနောက်မှာ သွေးတွေ ပန်းလာတော့မှ သူအပစ်ခံရမှန်း သိတာပါ။ အဲကျတော့မှ လူအုပ်က သူ့ကို အဝေးကို ခေါ်သွားကြတော့တာပါ။”

ပစ်ခတ်မှု ဘယ်မှာ ဖြစ်ခဲ့တာလဲ

ပစ်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အရည်အသွေး သိပ်မကောင်းတဲ့အပြင် ရှုထောင့်တစ်ခုကပဲ ရိုက်ကူးထားတာကြောင့် ဒီအမျိုးသမီး အပစ်ခံခဲ့ရတဲ့ နေရာကိုတော့ ချက်ချင်း အတိအကျ မသိရပါဘူး။

ဒါပေမဲ့ အဲဒီနေ့မှာ ရိုက်ကူးထားတဲ့ တခြား ဗီဒီယိုဖိုင်တွေက ရတဲ့ လမ်းပုံစံတွေ၊ လမ်းဘေးဆိုင်းဘုတ်ကြီးတွေကို အပြန်အလှန် တိုက်စစ်ကြည့်တဲ့အခါမှာတော့ ဒီပစ်ခတ်မှု ဖြစ်ခဲ့တဲ့ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

တခြားဗီဒီယိုဖိုင်တွေမှာတော့ တောင်ညိုလမ်းကနေ ချီတက်လာတဲ့ ရဲတပ်ဖွဲ့ဟာ ဘတ်စ်ကားမှတ်တိုင်နဲ့ တတန်းထဲလောက်ရှိတဲ့ လမ်းမပေါ်က ဆန္ဒပြလူအုပ်နဲ့ ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။

အဲဒီနေရာဟာ အစားအသောက်၊ အဝတ်အထည်နဲ့ အိမ်သုံး ကုန်ပစ္စည်းတွေ ရောင်းတဲ့ သပြေကုန်းဈေးနားမှာ ဖြစ်ပါတယ်။

ပစ်ခတ်မှု ဘယ်အချိန်မှာ ဖြစ်ခဲ့လဲဆိုတာကိုလည်း ခန့်မှန်းတွက်ဆနိုင်ခဲ့ပါတယ်။ ဗီဒီယိုတွေထဲမှာတွေ့ခဲ့ရတဲ့ အဆောက်အအုံတွေရဲ့ အရိပ်တွေနဲ့ နေရဲ့ လမ်းကြောင်းကိုကြည့်ပြီးဒေသစံတော်ချိန် ၁၂ နာရီ နဲ့ ၁၃:၃၀ ကြားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သိနိုင်ပါတယ်။

လူမှုကွန်ရက်အသုံးပြုသူတွေဟာ Index ကုမ္ပဏီထုတ် Dunk မော်ဒယ်အမျိုးအစား ဆိုင်ကယ်ဦးထုပ်ပေါ်မှာ ကျည်ဆန်ပေါက်တစ်ခု ဖြစ်နိုင်တဲ့ အပေါက်တစ်ခုကို ထောက်ပြပြီး ဓာတ်ပုံတွေ မျှဝေခဲ့ကြပါတယ်။

အဲဒီအပေါက်ဟာ တံဆိပ်အပေါ်နားက ဆိုင်ကယ်ဦးထုပ်ရဲ့ အနောက်ပိုင်းမှာ တွေ့ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ် ရုပ်သံဖိုင်နဲ့ ကိုက်ညီမှု ရှိပါတယ်။

မူခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကိတ် ဟီဝင်စ် (Kate Hewins) ကို ဘီဘီစီက ဒီဓာတ်ပုံ ပြသကြည့်တဲ့အခါမှာတော့ သူက အရာဝတ္ထုပစ္စည်းတခု ဆိုင်ကယ်ဦးထုပ်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။ အဲဒီအရာဝတ္ထု ဖောက်ထွင်းဖြတ်သန်း သွားပြီးချိန်မှာ အဲဒီအပေါက်ဟာ တစိတ်တပိုင်း ပြန်ပိတ်သွားခဲ့တယ်လို့ ပြောပါတယ်။

ရာဘာကျည်ဆန်ဆိုရင် ဒီလောက်ထိဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း သူက ဆိုပါတယ်။

“ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် ဈေးကွက်ထဲမှာ ဝယ်လို့ရနိုင်တဲ့ ရာဘာကျည်ဟာ ဒီဓာတ်ပုံထဲမှာတွေ့ရသလို ဆိုင်ကယ်ဦးထုပ်ကို ဖောက်ထွင်းနိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။”

လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံမှာတော့ ဆိုင်ကယ်ဦးထုပ်ထဲက သွေးတွေဟာ အပြင်ဘက်က အပေါက်နဲ့ တဆက်တည်း ဖြစ်နေတာကို တွေ့ရတာကြောင့် ဆိုင်ကယ် ဦးထုပ်ကို ထိုးဖောက်ဝင်ရောက်သွားတယ်လို့ ယူဆစရာဖြစ်ပါတယ်။

ဒီအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ကျည်ဆန်ကြောင့် အခုလို ဖြစ်တာလို့ ယူဆလို့ရနိုင်ကြောင်း ဒေါက်တာ ဟီဝင်စ်က သုံးသပ်ပါတယ်။

“တခြားအကြောင်းအရာ ရှိနိုင်မယ် မထင်ဘူး။ သေစေနိုင်တဲ့ လက်နက်မသုံးခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူး။”

“သူ လဲကျတဲ့ ပုံစံဟာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တယ်လို့ ယူဆနိုင်တယ်။ အသက်အန္တရာယ်မထိခိုက်နိုင်တဲ့ လက်နက်ကြောင့် ထိတ်လန့်ပြီး လဲကျသွားတာမျိုး မဟုတ်ဘူး။

မမြသွဲသွဲ့ခိုင်ကို မထိမှန်ခင် တခြားမျက်နှာပြင်တခုကနေ ကျည်ဆန်ပြန်ကန် ထွက်လာတာမျိုးကိုလည်း ဗီဒီယိုထဲမှာ မတွေ့ရပါဘူး။ ဒါမျိုးမဖြစ်ခဲ့ဘူးလို့တော့ ယတိပြတ်မပြောနိုင်သေးပါဘူး။ တခုခုထိပြီးမှ ပြန်ကန်ထွက်လာမျိုးဟာ အရှိန်သိပ်မပြင်းပါဘူး။

“ဒါကတော့ တိုက်ရိုက် အပစ်ခံခဲ့ရတဲ့ ပုံမျိုးပါ” လို့ ဒေါက်တာ ဟီဝင်စ်က ပြောပါတယ်။

နေပြည်တော် ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကလည်း ကျည်တစ်တောင့်ဟာ အမျိုးသမီးရဲ့ ဦးခေါင်းနောက်ပိုင်းကို ဖောက်ဝင်သွားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

ဘယ်သူက ပစ်ခဲ့တာလဲ

ဗီဒီယိုမှာ တွေ့ရတာကတော့ ဒီအမျိုးသမီးဟာ ရဲတပ်ဖွဲ့ဝင်တွေတန်းစီနေတဲ့ ဘက်ကို ကျောပေးထားတာတွေ့ရပါတယ်။ သူ့ရဲ့ ဦးထုပ်ကို ထိမှန်ခဲ့တဲ့ ကျည်ဆန်လာရာ လမ်းကြောင်းဟာ ရဲတပ်ဖွဲ့ဘက်က ပစ်လိုက်တဲ့ လမ်းကြောင်းနဲ့ အကြမ်းဖျင်း ကိုက်ညီမှု ရှိပါတယ်။

ဖေ့ဘွတ်ခ် အသုံးပြုသူ လူငယ်တွေက ဦးဆောင်ပြီး ပစ်ခတ်သူကို လူမှုကွန်ရက်ပေါ်ကနေ တဆင့် ရှာဖွေခဲ့ကြပါတယ်။

စက်သေနတ်တစ်လက် ကိုင်ထားတဲ့ ရဲအရာရှိတစ်ဦးရဲ့ ဓာတ်ပုံကို မျှဝေပြီး အဲဒီလူ ပစ်ခတ်တာဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ အများအပြား ထွက်ပေါ်ခဲ့ပြီး အဲဒီသူကို အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

အဲဒီရဲအရာရှိရဲ့ ဓာတ်ပုံကို ဆန္ဒပြပွဲမှာ ရိုက်တာ သတင်းဌာနရဲ့ ဓာတ်ပုံသမားတစ်ယောက်က ရိုက်ခဲ့တာပါ။

ဒါပေမဲ့ ဆန္ဒပြပွဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရာရှိဟာ သူတစ်ဦးတည်း မဟုတ်တာတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီရဲအရာရှိ ဘယ်သူဆိုတာ အတိအကျ မပြောနိုင်သလို ဆန္ဒပြသမားတွေကို သူ ပစ်ခဲ့သလားဆိုတာကိုလည်း တပ်အပ်မပြောနိုင်ပါဘူး။

ဒါပေမဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကတော့ ဒီရဲအရာရှိက ဘယ်သူလဲဆိုတာ ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ အမျိုးသားနှစ်ဦးရဲ့ နာမည် ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ဓာတ်ပုံထဲက လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရှိဖြစ်တယ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေက စွပ်စွဲခဲ့ကြပါတယ်။

ဖေ့ဘွတ်ခ်အကောင့်တွေက မိသားစုဓာတ်ပုံတွေ တင်ခဲ့ကြပြီး လူထောင်ချီက မျှဝေခဲ့ကြပါတယ်။ “အလိုရှိသည်” ဆိုတဲ့ ပိုစတာ စာသားတွေကိုလည်း ဖန်တီးပြုလုပ်ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာ အဲဒီလို အမည်တပ်ခံခဲ့ရတဲ့ အမျိုးသားနှစ်ဦးထဲက တစ်ဦးကတော့ သူဟာ “သတင်းတု သတင်းမှားတွေ” ရဲ့ သားကောင်ဖြစ်ခဲ့ရပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

နောက်တစ်ယောက်ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာကိုတော့ အွန်လိုင်းမှာ မတွေ့ရတော့ပါဘူး။

အင်စတာဂရမ်မှာ သူတစ်ယောက်တည်းရိုက်ထားတဲ့ ဓာတ်ပုံကိုတော့ လူထောင်ချီက ဒေါသတကြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆန္ဒပြသမားတွေအတွက် သူရဲကောင်း

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံခဲ့ရပြီးနောက်ပိုင်း အင်တာနက် ပြန်ရချိန်မှာ ဆန္ဒပြသမားတွေဟာ ဒီမိုကရေစီတောင်းဆိုတဲ့ သတင်းစကားတွေကို အကြီးအကျယ် မျှဝေခဲ့ကြပါတယ်။

ဒီပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ ဗီဒီယိုဖိုင်တွေကို #WhatsHappeningInMyanmar မြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ၊ #Feb9Coup ဖေဖော်ဝါရီလ ၉ ရက် အာဏာသိမ်းမှု စတဲ့ Hashtags တွေနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ကြပါတယ်။

ဒီဓာတ်ပုံတွေ မျှဝေမှုကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှု ပိုတိုးလာခဲ့ပါတယ်။

ဒီပစ်ခတ်မှု ဗီဒီယိုကို ဆန်းစစ်လေ့လာနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) အဖွဲ့ကြီးက ဗီဒီယိုထဲမှာ မမြသွဲသွဲ့ခိုင်ဟာ အကြမ်းဖက် လုပ်ဆောင်မှုတွေကို ပါဝင်ဆောင်ရွက်တာ၊ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေ လုပ်တာမျိုး မတွေ့ရသလို သူ့လက်ထဲမှာလည်း ဘာမှမရှိဘူးဆိုတာကို တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသမားတွေကို အင်အားသုံး ဖြိုခွင်းတယ်ဆိုတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မ မမြသတိုးနွယ်ကတော့ သူ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီး ဆန္ဒပြပြည်သူတွေကိုလည်း သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။

“ကျွန်မကတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ ကျွန်မညီမလေး ဒီလိုဖြစ်ရကျိုးနပ်အောင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖြစ်သွားအောင် တိုင်းသူပြည်သူတွေကော ပြည်သူလူထုအားလုံး ဆက်ပြီး တော်လှန်ပေးကြပါ။ ဒီအကြောင်း ကမ္ဘာကသိအောင်လည်း ကြေညာပေးကြပါ။ နိုင်ငံတကာက ကူညီပေးကြပါလို့လည်း တောင်းဆိုချင်ပါတယ်။”

စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် ဆန့်ကျင်ဆန္ဒပြခဲ့ရင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင် သေဆုံးတာဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဆိုရင် ငါးနှစ်ပြည့် မြောက်ခဲ့ပါပြီ။

မမြသွဲ့သွဲ့ခိုင်နဲ့ ကြွေလွင့်ကြယ်များစွာရဲ့ ကျဆုံးမှုတွေဟာ နွေဦးတော်လှန်ရေး အတွက် တွန်အားဖြစ်စေခဲ့တဲ့အကြောင်းကို မြတ်သဇင်က စုစည်းပြောပြပေးမှာပါ။

မမြသွဲ့သွဲ့ခိုင် ဈာပန

ရဲလက်ချက်နဲ့ ခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနကို နေပြည်တော်မှာ ကျင်းပတာမှာ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ကြပါတယ်။

VOA Burmese

မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံခဲ့ရတဲ့နေ့

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာပါလို့ မမြသွဲ့သွဲ့ခိုင် တစ်ယောက် သေနတ် နဲ့ အပစ်ခံခဲ့ရတာ ဒီနေ့ဆို ငါးနှစ်ပြည့်ပါပြီ။

The Irrawaddy Burmese


Leave a Reply

Your email address will not be published. Required fields are marked *