ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှာ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီမိနစ်၂၀လောက်က မီးလောင်မှုဖြစ်ပွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး အချိန်ကြာမြင့်စွာ ငြှိမ်းသတ်ရသလို ညနေ၆နာရီအထိ မီးငြိမ်းသွားပြီဆိုတဲ့ အချက်အလက် ထပ်မံထုတ်ပြန်ထားတာမရှိသေးပါဘူး။
မီးလောင်မှုက မီးများတဲ့အတွက် Level 2ယာဉ်အုပ်စုတွေ၊ ဌာနချုပ်ယာဉ်အုပ်စုတွေနဲ့ ငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီ ၃၈ မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့တယ်ဆိုပေမဲ့ ညနေပိုင်းအထိ ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကို လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီအသင်းတွေကလည်း ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးကြတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ မီးလောင်မှုကြောင့် စက်ရုံအလုပ်သမား ၂ ဦး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။










M-Brother အထည်ချုပ်စက်ရုံမီးလောင်မှု လူသေဆုံးမှုရှိဟု သတင်းထွက်၊ စစ်တပ်က လုံခြုံရေးယူ
ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်စဥ်မှာ အလုပ်သမား ၂ ယောက် သေဆုံးခဲ့တယ်လို့ သတင်းထွက်နေပြီး ၆ နာရီနီးပါးကြာတဲ့အထိ မီးလောင်ခဲ့တာကြောင့် စစ်တပ်နဲ့ ရဲအင်အား အလုံးအရင်းရောက်ရှိကာ လုံခြုံရေး ယူထားတယ်လို့ အဲဒီမြို့နယ်အခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ဆီက သိရပါတယ်။
M-Brother အထည်ချုပ်စက်ရုံမှာ မွန်းတည့် ၁၂ နာရီခွဲလောက်က မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၄ နာရီခွဲလောက်အထိ မီးငြှိမ်းသတ်နေရဆဲပဲလို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်က အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက်က “မြေပြင်သတင်းတွေအရ အလုပ်သမား ၂ ယောက် သေဆုံးတယ်လို့ သိရတယ်။ သက်ဆိုင်ရာက သေဆုံးတဲ့ သတင်းကို ဖုံးဖိထားတဲ့ အနေအထားမှာရှိလို့ သမဂ္ဂအဖွဲ့ဝင်တွေ သွားရောက်ပြီး စောင့်ကြည့်အတည်ပြုချက် ယူနေတယ်။ စစ်တပ်နဲ့ရဲက စက်ရုံပတ်ချာလည်မှာ ဝိုင်းထားတယ်။ အပြင်လူပေးမဝင်လို့ သတင်းအချက်အလက်ရဖို့ ခက်နေတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်တဲ့စက်ရုံမှာ ၂ ထပ်အဆောက်အဦဖြစ်ကာ အောက်ထပ်က စလောင်တဲ့အတွက် အပေါ်ထပ်က အလုပ်သမားတွေ ပိတ်မိတာမျိုးရှိနိုင်တယ်လို့ မြေပြင်သွားရောက် စောင့်ကြည့်ခဲ့သူတွေက ဆိုပါတယ်။
မီးလောင်မှုပြင်းတဲ့အတွက် အလုပ်သမားတွေရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်တကြီးနဲ့ ရောက်ရှိနေကြသလို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေ အသည်းအသန်လုပ်နေတယ်လို့ သမဂ္ဂခေါင်းဆောင်က ပြောပါတယ်။
မြေပြင်ကနေ နောက်ဆုံးရရှိတဲ့ သတင်းအရ M-Brother စက်ရုံရဲ့ ဘေးနားကပ်လျက်က နေရွှေဝန်း အထည်ချုပ်စက်ရုံကိုပါ ကူးစက်လောင်ကျွမ်းနိုင်တဲ့ အနေအထားရှိနေတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီစက်ရုံမီးလောင်မူနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က Level-2 အဆင့်သတ်မှတ်ခဲ့ကာ နေ့လယ် ၁ နာရီ ၃၈ မိနစ်မှာ မီးထိန်းထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MFSD


Leave a Reply