NUG ရဲ့ ခြောက်နာရီကျော်ကြာ စီးနင်းတိုက်ခိုက်မှုအတွင်း BNRA ရဲဘော် ၁၀ ဦးကျော် ကျဆုံး
စစ်ကိုင်းတိုင်း၊ ယင်းပမာပင်ခရိုင်၊ ပုလဲမြို့နယ် အခြေပြု ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးဟာ ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်သွားပေမဲ့ သူရဲ့ လက်အောက်ခံ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ကတော့ PDF တပ်ရင်းတွေနဲ့ ပူးပေါင်းလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်း ထုတ်ပြန်ပါတယ်။
“BNRA တပ်ဖွဲ့ဝင်အချို့ (၁၅၀) ဦးခန့် သည်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် လက်နက် အပ်နှံခြင်းများပြုလုပ်လျက် ရှိနေပြီဖြစ်သည်“

NUG ဘက်က ထုတ်ပြန်ချက်အရ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်အချို့ဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု ခုနှစ်မူ ကျူးလွန်ခဲ့တယ်လို့ အထက်ပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မုဒိမ်းကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်ပြီး အလောင်းဖျောက်ခဲ့သည့် အမှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးအား ကိုယ်ထိလက်ရောက် နှိပ်စက်မှု၊ အမျိုးသမီးငယ် နှစ်ဦးအပေါ် သက်ငယ်မုဒိမ်းမှုတွေ ပါဝင်တယ်လို့ NUG က ဆိုပါတယ်။
အမှုတွေကို ယင်းမာပင်ခရိုင်နှင့် ပုလဲမြို့နယ်အတွင်းရှိ NUG ရဲဌာနမှာ အမှုဖွင့် စစ်ဆေးနေပြီး ကျူးလွန်သူတွေကို လွှဲပြောင်းပေးအပ်ဖို့ အကြောင်းကြားခဲ့ပေမဲ့ BNRA ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာ NUG က အထက်ပါအမှုတွေအတွက် စုံစမ်းဖမ်းဆီးဖို့ ဆောင်ရွက်ချိန် BNRA တပ်ဖွဲ့ဝင်တချို့က ခုခံလို့ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်အထိ BNRA တပ်ဖွဲ့ဝင် အချို့ကို လက်နက်တွေနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ NUG က ပြောပါတယ်။
အဲံဒီလို NUG က တရားခံဖမ်းဖို့အတွက် ဆိုပြီး ဖေဖေါ်ဝါရီ ၁၇ရက် မနက် ၇နာရီဝန်းကျင်ကနေ မွန်းလွဲ ၁နာရီကျော်အချိန်အထိ ခြောက်နာရီကျော်ကြာ BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီ ခြောက်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း BNRA ရဲဘော် ၁၁ ဦးနဲ့ PDF ရဲဘော် တစ်ဦး ကျဆုံးကာ BNRA ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရ၊ ဂိတ်စခန်း သုံးခုနဲ့ လက်နက်ခဲယမ်းတွေကို NUG က သိမ်းယူခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ရက် ညနေပိုင်းမှာတော့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင် ပူးပေါင်းလာတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

“တော်လှန်ရေးသမား အမည်ခံ နဂါး (ခ) တီကောင်ဟာ ဒီနေ့ ညနေ ၃ နာရီခန့်မှာ စကစ ထံ အမှောင်ဝင်သွားခဲ့ပါတယ်” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောပါတယ်။
ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ အသိပေးထားပြီး၊ ယခင်ကလည်း ယင်းမာပင်ခရိုင်အတွင်းရှိ တပ်ရင်းတွေနဲ့ ပကဖ ဂိတ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ခံရခြင်းမှာ နဂါးရဲ့ သတင်းပေးပို့မှုကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။
လက်ရှိအခြေအနေအရ ပုလဲမြို့နယ်ကို လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ကာ တပ်လှန့်ထားပြီး၊ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် ထုတ်ပြန်မယ်လို့ NUG က ဆိုပါတယ်။
ပုလဲနယ်ကို စစ်အုပ်စုက ယခု ညပိုင်း ဗုံးထပ်ကြဲ၊ နှစ်ရက်အတွင်း လေးကြိမ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေပြု ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါး ဒီကနေ့ ညနေပိုင်းအချိန် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်ပြီးနောက် ညပိုင်းမှာ စစ်အုပ်စုက ပုလဲနယ်ကို ဗုံးပတ်ကြဲခဲ့တယ်လို့ ေးသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၈ရက် ဒီကနေ့ ည ၈နာရီခွဲဝန်းကျင်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) တစ်စီးနဲ့ ပုလဲနယ်ကို စစ်အုပ်စုက ဗုံးကြဲတာလို့ ဆိုပါတယ်။
“ဆေးရုံကို ဗုံးကြဲသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပုလဲနယ်ကို နှစ်ရက်ဆက် ဗုံးကြဲတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ရက် မွန်းလွဲ ၁နာရီခန့်က ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၁၀နာရီခွဲကျော်အချိန် ဂျိုအိုကော်ပရာ (Gyrocopter)နဲ့ တစ်ကြိမ်၊ ဖေဖေါ်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေ ၄နာရီခွဲမှာ ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၈ခွဲမှာ ပါရာမော်တာ တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ပုလဲနယ်ရှိ BNRA ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်၊ သိမ်းယူပြီးချိန်တွေမှာ စစ်အုပ်စုက ဗုံးလာကြဲတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဂိတ်တွေကို စီးနင်းပြီးချိန် ကာကွယ်ရေးတပ်တွေ စိုးမိုးချိန်မှာ ပါရာမော်တာ၊ ဂျိုင်အိုကော်ပရာတွေ လာပြီး လေကြောင်း တိုက်ခိုက်တယ်။ အစကတည်းက စကစ အဆက်အသွယ် လုပ်နေတယ်လို့ ပြောနေကြတာ၊ အခုလို နဂါးအလင်းဝင်သွားတော့ အဖြေက ရှင်းသွားတာပေါ့”

NUG တပ်တွေက BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်၊ ပိတ်ဆို့ထားချိန် BNRA ရဲ့ အဓိက ခေါင်းဆောင်တွေကို ဖမ်းမိတာ၊ အလင်းဝင်တာတွေ ရှိပြီး ဗိုလ်နဂါး ကိုယ်တိုင်လည်း ဒီကနေ့ ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်ကာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ် သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Video – ဒေသခံ


Leave a Reply