မုဒိမ်းမှု၊ လူသတ်မှုများဖြင့် အမှုဖွင့်ခံထားရသော BNRA အဖွဲ့ ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးက စစ်တပ်နှင့်ပူးပေါင်း

BNRA အဖွဲ့ ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးက အလင်းဝင်ရောက်လာကြောင်း အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးသည် ၎င်း၏ မိသားစုဝင်များနှင့် တပ်မတော် လုံခြုံရေးစခန်းမှ တစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နဂါးသည် ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပုလဲမြို့နယ် အတွင်းရှိ စစ်စခန်းတစ်ခုထံကို ဆက်သွယ်၍ လက်နက်မျိုးစုံ ၆ လက်နှင့် ဆက်စပ်ပစ္စည်းများ ယူဆောင်လာ၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စစ်တပ်ထံသို့ အလင်းဝင်သွားသော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ) ဗိုလ်နဂါး အပါအဝင် တပ်ဖွဲ့ဝင်များ၏ ရာဇဝတ်ပြစ်မှုကျူးလွန်မှုများနှင့် ပတ်သက်သည့် တိုင်တန်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ယနေ့ ထုတ်ပြန် အသိပေးသည်။

ဗိုလ်နဂါး ကျူးလွန်သည့် ပြစ်မှု တိုင်တန်းချက်များတွင် မုဒိန်းကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲပြီး လူသတ် ၊ အလောင်းဖျောက်သည့်အမှု (ပထမသတင်းပေးတိုင်တန်းချက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင် မင်းထက်နိုင်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု (ပထမ သတင်းပေးတိုင်တန်းချက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ)၊ ပကဖ ရဲဘော် ၁၀ ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့်နှိပ်စက်ခြင်း (ယင်းမာပင် ပလဖ စခန်း (ပ) ၈၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၅၃၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ၊ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိန်းမှု ကျူးလွန်ခြင်း (ပုလဲ ပလဖ စခန်း (ပ) ၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၀၆ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိ)၊ ဥယျာဉ်နယ်မြေတွင် ဆင်မ ပိုးအိစံ အား သတ်ဖြတ်ခုတ်ထစ် မီးရှို့မှု (ယင်းမာပင် ပလဖ စခန်း (ပ) ၁၄/၂၆ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ)၊

NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူများကို ရိုက်နှက်ဖမ်းဆီးမှု ၊ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှု (ပုလဲ ပလဖ စခန်း (ပ) ၄/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ)၊ုယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ PDF ရဲဘော် ဂတုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု (ပထမ သတင်းပေး တိုင်တန်းချက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ) တို့ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်ပြစ်မှုများ အတွက် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ရာ ကျူးလွန်သူများကို စစ် ဆေးနိုင်ရေးအတွက် လွှဲပြောင်းအပ်နှံပေးရန် အကြောင်းကြားခဲ့ သော်လည်း ကျူးလွန်သူများကို လွှဲပြောင်းပေးအပ်ခြင်း မရှိခဲ့ကြောင်း ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့်ကာကွယ်ရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ရာဇဝတ်ပြစ်မှု ကျူးလွန်ကြောင်း တိုင်ကြားခံရသူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ဆောင်ရွက် ရာ BNRA တပ်ဖွဲ့ဝင်အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ပြန်လည်ခုခံသည့် အတွက် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာတော့ BNRA တပ်ဖွဲ့ဝင်အချို့ကို လက်နက်များနှင့် အတူ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက်ပြီး အဖမ်းခံခြင်း၊ လာရောက်ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက် အပ်နှံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) စခန်းအချို့ကို ဝင်ရောက်စီးနင်းရခြင်းသည် လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ကျူးလွန်ထားသော ရာဇဝတ်မှု ၁၀ မှုကျော်အတွက် တရားခံများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူထံမှ သိရသည်။

BNRA အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ)ဗိုလ်နဂါး ကျုးလွန်ထားသည့်အမှုများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားမှု အခြေအနေများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်။

Ministry of Home Affairs and Immigration – Myanmar


Leave a Reply

Your email address will not be published. Required fields are marked *