ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။
ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။

တစ်ဦးတည်းသော သားလေးကို ကျောင်းထားမိတာဟာ အန္တရာယ်စက်ကွင်းထဲကို ပို့မိနေပြီလားလို့ မကြာခဏတွေးနေမိတဲ့အထိ ကြီးစွာသော စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ ဇန်နဝါရီလဆန်းထဲမှာတော့ ငယ်ထိပ်မြွေပေါက်သလို ပြင်းတဲ့သတင်းဆိုးကကိုသက်နိုင်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။
ရန်ကုန်မြို့ကအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတဲ့ သားဖြစ်သူကို တခြားကျောင်းသားတွေက အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာပါ။ တစ်ဦးတည်းသောသား အခုလို ရိုက်နှက်နှိက်စက်ခံရတဲ့ဖြစ်ရပ်က ကိုသက်နိုင်တို့ ဇနီးမောင်နှံကို အရူးမီးဝိုင်းစေခဲ့ပါတယ်။
“ ပညာတတ်စေချင်လို့ ကျောင်းပို့ကာမှ စာရိတ္တရော ၊စည်းကမ်းပါမဲ့သူတွေရဲ့ကြားကလေး စိတ်ဓာတ်ကျသွားမှာကို စိုးရိမ်မိတယ်” လို့ကိုသက်နိုင်ကပြောပါတယ် ။
ကိုသက်နိုင်တို့ လင်မယားနှစ်ယောက်က အိမ်ထောင်ကျ နောက်ကျသလို သားသမီး တစ်ဦးသာ ထွန်းကားခဲ့တော့ သားအပေါ် အချစ်ပိုရပါတယ်။ ဘယ်သွားသွား မိဘနဲ့ အတူသွား၊ အတူစားပါတယ်။အများဆုံးခွဲနေရတာက ကျောင်းတက်ချိန်ပါပဲ။
အဲဒီ့နေ့က အလုပ်က အိမ်ပြန်လာတော့ သားတစ်ယောက် အရင်လို ရွှင်ရွှင်ပျပျ မရှိတာကို ကိုသက်နိုင် သတိထားမိခဲ့တယ်။ ဇနီးသည်ကို မေးကြည့်တော့လည်း သေချာမသိရ။ ကျောင်းတစ်ဖက်၊ ကျူရှင်တစ်ဖက်နဲ့မို့ သားလေး ပင်ပန်းနေတာဖြစ်မှာလို့ပဲ ထင်လိုက်မိတယ်။
နောက်ရက်တွေလည်း သားက နေမကောင်းဘူးလို့ အကြောင်းပြပြီး ကျောင်းမသွားချင်ဘူးဆိုလို့ လမ်းထိပ်က ဆေးခန်းကို သူ့အမေနဲ့ သွားပြခဲ့တယ်။ ရောဂါကြီးကြီးမားမား ရှာမတွေ့ဘူး။ ဒါပေမယ့်ကျောင်းမသွားချင်ဘူးပဲငြင်းနေတော့ကျောင်းစာမလိုက်နိုင်လို့များလားလို့ကိုသက်နိုင်သံသယဖြစ်မိ သေးတယ်။
ဒါကြောင့် အတန်းပိုင်ဆရာမဆီကို တကူးတကသွားမေးခဲ့တယ်။ ဆရာမကတော့ သားက အေးဆေးပြီး စာရတဲ့ ကလေးထဲမှာ ပါကြောင်းနဲ့ သူငယ်ချင်းတွေက မကြာခဏ ဝိုင်းစတာခံရတယ်လို့ပဲ ပြောပါတယ်။

ဒီအဖြေနဲ့တင် မလုံလောက်ဘူးလို့ထင်လို့သားနဲ့အမြဲပေါင်းတဲ့ သူငယ်ချင်းကို မေးတော့မှ အဖြစ်မှန်ကို သိရပါတော့တယ်။
သားဖြစ်သူကို တခြားကျောင်းသားတွေက ဝိုင်းစနောက်လို့ စကားများရာကနေ ကျောင်းအိမ်သာထဲမှာ အုပ်စုလိုက် ဗိုက်တွေ၊ ခါးတွေကို ဝိုင်းထိုးတာလို့ ဆိုပါတယ်။သားဖြစ်သူရဲ့ ခန္ဒာကိုယ်ဖြစ်တည်မှုကို အကြောင်းပြုပြီး ဝိုင်းစနောက်ရင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကြတာဖြစ်ပါတယ် ။
ဒီဖြစ်ရပ်ကို ဆရာမဆီ အသိပေးပြီး ဖြေရှင်း ပေးဖို့ ပြောခဲ့ပေမယ့်လည်း ဆရာမတွေက တဖက်ကျောင်းသားတွေကို ခေါ်သတိပေးတာမျိုးတောင် မလုပ်ပေးခဲ့ဘူးလို့ ကိုသက်နိုင်က ပြောပါတယ်။
ဒါကြောင့် အသိရှေ့နေတွေနဲ့ တိုင်ပင်တယ်။ ကျောင်းကို တိုင်ကြားစာ ပို့တယ်။ ကျောင်းအုပ်ကြီးနဲ့ သွားတွေ့တယ်။ အနိုင်ကျင့်သူ ကျောင်းသားမိဘအချို့က မိဘချင်း တွေ့ဆုံတောင်းပန်ခဲ့တယ်။ ဒါပေမယ့်လည်း သားကတော့ ဒီကျောင်းမှာဆက် မတက်ရဲတော့ဘဲ ကျောင်းသွားဖို့ ငြင်းဆန်ပါတော့တယ်။
စာသင်ကျောင်းတွေမှာ ကျောင်းတွင်းရန်ပွဲ၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းတွေဟာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဖြစ်များလာတာပါ။ ၂၀၂၂ ခုနှစ်ဝန်းကျင်က ကျောင်းသားချင်းအုပ်စုဖွဲ့ရိုက်နှက်တာမျိုးတွေ ဖြစ်လာတာကနေ နောက်ပိုင်းနှစ်တွေမှာအခြေအနေပိုဆိုးလာပါတယ်။
စစ်ကောင်စီလက်အောက်ကကျောင်းမှာ တက်နေတဲ့သားဖြစ်သူအတွက် ကိုသက်နိုင်တစ်ယောက် စိတ်ပူစေခဲ့တဲ့ဖြစ်ရပ်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီ ၂၇ရက်နေ့က ဖြစ်ခဲ့တာပါ။
G7 ကျောင်းသား မောင်မိုးသူရိန်ကို G8 ကျောင်းသားတစ်ဦးကထိုးကြိတ်လိုက်လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ် သတင်းမှန်မထွက်ပေါ်ခင်မှာလည်း မောင်မိုးသူရိန်ဟာ ဘောလုံးကစားစဥ် အမောဖောက်သေဆုံးတယ်ဆိုပြီး ကျောင်းဘက်ကလိမ်လည်ပြီးသတင်းလွင်ခဲ့ပါတယ်။ မောင်မိုးသူရိန် ထိုးကြိတ်ခံရတဲ့ရုပ်သံ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတော့မှ အဖြစ်မှန်ပေါ်လာတာဖြစ်ပါတယ်။
အဲ့ဒီဖြစ်ရပ်မတိုင်ခင် ဇန်နဝါရီလ ၁၈ ရက်က မိတ္ထီလာမြို့၊ ပြည်သာယာမြောက်ရပ်ကွက်၊ အမှတ် ၁၅၁ အထက (ခွဲ) စာသင်ကျောင်းက ကျောင်းသားတွေ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား တစ်ဦးသေဆုံးခဲ့ပါတယ်။ ပုသိမ်မြို့အစိုးရနည်းပညာကောလိပ်မှာလည်း ၂၀၂၅ နိုဝင်ဘာလ၁၉ရက်နေ့မှာကျောင်းသားတွေက ဝိုင်းထိုးကြိတ်လို့ ကျောင်းသားဟောင်းတစ်ဦးသေဆုံးခဲ့ပါတယ်။

၂၀၂၂ နောက်ပိုင်း ဒီလို ကျောင်းတွင်းရန်ပွဲ၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းတွေဟာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပြင် မိတ္ထီလာ၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ ပုလိပ်စတဲ့ မြို့တွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။အခြေအနေတွေကတစ်ဆထက်တစ်ဆပိုပြီးဆိုးဝါးလာပါတယ်။ဒီလိုရန်ပွဲတွေကို ဗီဒီယိုရိုက်ကူးပြီး တစ်တော့ ၊ဖေစ်ဘွခ် ၊တယ်လီဂရန်စတဲ့လူမှုကွန်ယက်တွေမှာပြန်တင်ကြပါတယ်။
အထူးသဖြင့် စစ်တပ်က လုံးလုံးဖွင့်ပေးထားတဲ့တစ်တော့မှာ အဓိကတင်ကြပါတယ်။ လူမှုကွန်ယက်မီဒီယာတွေမှာအဲလိုပျံ့နှံ့တာတွေကကျောင်းသားငယ်တွေအပေါ်လွှမ်းမိုးမှုရှိပြီး ပိုဆိုးလာစေသလားဆိုတာကိုလည်းစီစစ်အဖြေရှာသင့်တယ်လို့ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုကတော့ တိုင်းပြည်ဖျက်သူဖြစ်သလို ဒီစစ်အုပ်စုရှိသရွေ့ အဲလိုအဖြေရှာနိုင်မှာမဟုတ်ပဲ ပြည်သူ့တော်လှန်ရေးအောင်မြင်ပါမှ ပညာရေးကိုပြုပြင်ပြောင်းလဲရေး အများဆုံးလုပ်ရမယ်လို့သူကဆက်ပြောပါတယ်။

ဒါအပြင် ဇန်နဝါရီလက တောင်ကြီးမြို့ကကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက အထက်တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပြန်ပါတယ်။
“ ကျောင်းသားမိဘတွေက မဖြစ်လို့သာကျောင်းထားနေကြရတာ။ အစိုးရကျောင်းပညာရေးကို အထင်မကြီးကြတော့ဘူး” လို့ကျောင်းသားမိဘတစ်ဦးက စစ်ကောင်စီလက်ထက် ပညာရေးအခြေနေကို ပြောပြပါတယ်။
ကိုသက်နိုင်ကလည်း “ ပိုက်ဆံတတ်နိုင်သူတွေက ကိုယ့်ကလေးတွေကို အစိုးရကျောင်းပို့ဖို့ ဝေးဝေးက ရှောင်ကြတယ်။ ကျွန်တော်တို့လည်း နောက်ဆို အစိုးရကျောင်း ထားဖို့တော့ကြောက်သွားပါပြီ” လို့ရင်ဖွင့်ပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်၊ ကောလိပ်က ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်း တစ်သိန်းခွဲခန့်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်မှု- CDMလုပ်ခဲ့ကြပါတယ်။ အရည်အချင်းရှိတဲ့၊စေတနာပိုတဲ့ဆရာ၊ဆရာမတွေ CDM လုပ်သွားပြီး အရည်အချင်းမပြည့်မီတဲ့သူတွေဘဲ ကျောင်းတွေမှာကျန်ခဲ့ခြင်းက ပညာရေးကဏ္ဍကို ပျက်စီးသွားစေခဲ့တယ်လို့ ကျောင်းသားမိဘတဦးကပြောပါတယ်။
အငြိမ်းစား ဆရာမတစ်ဦးက“တကယ်က အန်တီစု လက်ထက်မှာ ပညာရေးက ကောင်းတဲ့ အရွေ့ကို သွားနေပေမယ့် စစ်တပ် လက်ထက်မှာတော့ ပိုပိုနိမ့်ပါးလာပါတယ်။ ပြောင်းလဲထားတဲ့ ပညာရေးစနစ်သစ်ကို သေချာသင်ကြားခဲ့တဲ့ ဆရာ၊ ဆရာမတွေလည်း CDM လုပ်ကြတော့ မရှိကြတော့ဘူး။ အခုကျန်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ ဆိုတာလည်း အရင်ကလို သင်ကြားရေးကောင်းတဲ့သူတွေ သိပ်မကျန်ကြတော့ဘူး။ ဒါ့ကြောင့် ကလေးတွေကို ပြန်သင်တဲ့အခါမှာလည်း နားလည်တတ်ကျွမ်းအောင် မသင်တတ်ကြဘူး။ စည်းကမ်းကောင်းမွန်အောင် မကိုင်တွယ်နိုင်ကြဘူး။ ဒါ့ကြောင့် ပညာရေးစနစ်နဲ့ ကျောင်းသားတွေရဲ့စာရိတ္တကပိုမိုညံ့ဖျင်းလာတယ်လို့ ထင်ပါတယ်” လို့ သုံးသပ်ပြောကြားပါတယ်။

ဆက်ပြီးတော့လည်းသူက “ စစ်တပ် အုပ်ချုပ်လို့ အရာရာ ချွတ်ချုံကျနေတဲ့ နိုင်ငံမှာ ကောင်းမွန်တဲ့ စနစ်အသစ် မဖြစ်လာသရွေ့တော့ ဒီလိုကိစ္စတွေက ကြုံနေရဦးမှာပါပဲ” လို့ဆိုပါတယ် ။
လက်ရှိမှာ စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးက ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။ ဒေါက်တာချောချောစိန်ဟာ မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍကို အရည်အချင်းပြည့်မီအောင်ကိုင်တွယ်နိုင်ခြင်းမရှိဘဲ စစ်အုပ်စုရဲ့အလိုကျသာ လိုက်ပါလုပ်ဆောင်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

ဒေါက်တာချောချောစိန်ကဖေဖော်ဝါရီလ၅ရက်နေ့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်ခဲ့လို့ ပြည်သူလူထုရဲ့ဝေဖန်မှုကို အလူးအလဲခံနေရပါတယ်။ ကျောင်းဝင်းနဲ့စာသင်ခန်းတွေထဲက ပြဿနာတွေကိုတော့ ဖြေရှင်းမယ့်အရိပ်အယောင်မတွေ့ရသေးပါဘူး။
တစ်ဦးတည်းသောသားဖြစ်သူ ဝိုင်းဝန်းထိုးကြိတ်ခံရလို့ ထိတ်လန့်တုန်လှုပ်သွားတဲ့ ကိုသက်နိုင်ကတော့ သားဖြစ်သူရဲ့တောင်းဆိုမှုအရ တခြားကျောင်းကိုပြောင်းပေးခဲ့ပါတယ်။ဒါပေမယ့်လည်း သားဖြစ်သူ အိမ်ကနေ ကျောင်းကိုထွက်သွားတာနဲ့ လမ်းမှာ တစ်ခုခု ဖြစ်မလားစိတ်ပူရသလို ကျောင်းထဲလည်း ဘာထပ်ဖြစ်ဦးမလဲဆိုတာ ကိုသက်နိုင်တစ်ယောက် သောကများနေရတုန်းပါပဲ။


Leave a Reply