စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်တပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ယင်းမာပင်ခရိုင် ပကဖက ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် BNRA အဖွဲ့ ခေါင်းဆောင် နဂါး (ခ) နိုင်လင်း၊ စစ်ရေးတာဝန်ခံ ကိုလတ် နှင့် နဂါး၏ ယောက်ဖဖြစ်သူ ကိုဖြိုး တို့သည် အကြမ်းဖက် စစ်တပ်ထံ သွား ရောက်ပူးပေါင်းပြီးနောက် နဂါးအဖွဲ့ဝင် တချို့ကို လက်နက်များနှင့် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် နဂါးအဖွဲ့ဝင် ၁၅၀ ခန့်သည်လည်း PDF နှင့် ပကဖ များထံ သို့ ချိတ်ဆက်၍ အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက်အပ်နှံခြင်းများ ပြုလုပ်ခဲ့ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

“လာရောက်ပူးပေါင်းတဲ့ ရဲဘော်တွေက ၂၀၀ လောက်တော့ရှိမယ်။ နေရာတွေ ခွဲပြီး ပူးပေါင်းကြတာ ဆိုတော့ အတိအကျတော့ မသိရဘူး။ တခြားခရိုင်တွေမှာလည်း ၁၅ ယောက်တစ်ဖွဲ့၊ အယောက် ၂၀ တစ်ဖွဲ့တွေ ကျန်သေးတယ်။ မျက်လုံးအဖွဲ့ကလည်း လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ပူးပေါင်းတာပါ။ ယင်းမာပင်ခရိုင်ထဲမှာတော့ကျန်လည်း တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ကျန်တော့မှာပါ။ အဲဒီလူတွေကို PDF ၊ ပကဖ ၊ ပအဖတွေ ပေါင်းပြီး ရှာဖွေနေကြပါတယ်” ဟု ယင်းမာပင်ခရိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ယင်းမာပင်ခရိုင်အတွင်း နေထိုင်သော BNRA အဖွဲ့ဝင်များအနေဖြင့် နဂါးက ထုတ်ပေးထားသည့် လက်နက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ လာရောက်အပ်နှံရန်နှင့် လက်နက်များ၊ ဆက်စပ်ပစ္စည်း များကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများမပြုလုပ်ကြရန် စစ်ဆေးမှု ပေါ်ပေါက်၍ သိရှိရသည့်အခါ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု ထုတ်ပြန်လိုက်တာက ပြန့်ကျဲနေတဲ့ ရဲဘော်တွေ လက်နက်တွေကို စနစ်တကျ ပြန်လည်စုစည်း ဖို့ပါ။ ယင်းမာပင်ခရိုင်ထဲမှာတော့ သိပ်မကျန်တော့ဘူး။ ဒါပေမယ့်တခြားခရိုင်တွေမှာတော့ရှိအုန်းမယ်” ဟု ယင်းမာပင်ခရိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် သက်ဆိုင်ရာ ရပ်ကျေး၊တိုက်နယ် ပကဖ/ပအဖ များအနေဖြင့် နယ်မြေအတွင်း အခြေချနေထိုင်သော နဂါးအဖွဲ့ဝင်များရှိပါက ခရိုင်/မြို့နယ် ပကဖ တာဝန်ခံများနှင့် ချိတ်ဆက် သတင်းပေးရန် ဆက်လက် နှိုးဆော်ထားကြောင်း၊ BNRA လက်အောက်ခံ အဖွဲ့ဝင်များ၊ ကျေးရွာလုံခြုံရေး အဖွဲ့ဝင်များအနေဖြင့် လက်ဝယ်ကိုင်ဆောင်ထား သော လက်နက်၊ ခဲယမ်းများကို ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်စစ်ဌာနသို့ အမြန်ဆုံး ဆက်သွယ်လာရောက်အပ်နှံရန်နှင့် ကျူးလွန်ထားသောပြစ်မှုမရှိပါက သက်ညှာပြီး ခံဝန်ကတိထိုး၍ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားသည်။

ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တော်လှန်ရေး ဆက်လက်ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးမယ်လို့ NUG ဖိတ်ခေါ်

လက်နက်များအပ်နှံရန် ယင်းမာပင်ခရိုင် ပကဖ အမိန့်ထုတ်

ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) အဖွဲ့ကို စစ်ရေးအရ ရှင်းလင်းခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက BNRA ရဲ့ ကျူးလွန်မှုတွေကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အသေးစိတ် သတင်းထုတ်ပြန်လာပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ ပြည်သူလူထုကို ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု နဲ့ လူသတ်အလောင်းဖျောက်မှု စတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို တရားမဝင်ဂိတ်တွေဖွင့်ပြီး ငွေကြေးကောက်ခံတာ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်ကော်မရှင် တပ်နဲ့ ဆက်သွယ်သတင်းပေးနေတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေတာကြောင့် တော်လှန်ရေးအတွက် မလွှဲမရှောင်သာဘဲ စစ်အင်အားသုံး ဖယ်ရှားခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။

ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဆန္ဒရှိပါက PDF နဲ့ ပကဖ အဖွဲ့တွေမှာ ပူးပေါင်းပြီး တော်လှန်ရေး ဆက်လက်ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးမယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း BNRA အဖွဲ့က ထုတ်ပေးတဲ့ လက်နက် ကိုင်ဆောင်ထားသူတွေ အနေဖြင့် မိမိတို့ရဲ့ ခရိုင်/မြို့နယ် ပ.က.ဖ အဖွဲ့တွေထံ လက်နက်နဲ့ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံကြဖို့ အမိန့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို ရောင်းချတာ၊ ဖျောက်ဖျက်တာ ဒါမှမဟုတ် ဖျက်ဆီးတာမျိုး လုံးဝမပြုလုပ် ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

အလားတူ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗိုလ်နဂါး စစ်ကော်မရှင်ထံ ကူးပြောင်းသွားတာကြောင့် ယင်းမာပင်ခရိုင် အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူး သတိထားကြဖို့ တိုက်တွန်းထား ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *