တရုတ်နိုင်ငံက မီးရှူးမီးပန်း အရောင်းဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။

တရုတ် နှစ်သစ်ကူးကာလ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နယ်၊ ကျန့်ကျီမြို့က မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ရောင်းချတဲ့ဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တရုတ် နှစ်သစ်ကူး ကာလမှာတော့ တစ်နိုင်ငံလုံးမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြတာက အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေဂျင်းအပါအဝင် မြို့ကြီး တော်တော်များများမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို မီးရှူးမီးပန်း ဖောက်မှုတွေကို ဥပဒေနဲ့ စတင် တားမြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာတော့ နှစ်သစ်ကူးကာလမှာ မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်တဲ့ အသံတွေ၊ ရှူးဒိုင်းပစ်လွှတ်သံတွေ ဆူညံနေကြဆဲပါ။ ကျန့်ကျီမြို့က မီးရှူးမီးပန်း ဆိုင်မှာတော့ ကနဦး မီးလောင်မှုတစ်ခု စဖြစ်ခဲ့ပြီး အဲဒီနောက် အပြင်းအထန် ပေါက်ကွဲခဲ့လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှုနဲ့ ပေါက်ကွဲမှုကြောင့် စတုရန်းမီတာ ၅၀ စာလောက် အကျယ်အဝန်းက ပြာကျသွားပြီး အသေအပျောက်ကလည်း ၁၂ ဦးထိ အတည်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရ သတင်းဌာနဖြစ်တဲ့ CCTVကတော့ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှု အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်းစုပြည်နယ်ထဲမှာ အလားတူပဲ မီးရှူးမီးပန်းဆိုင်တစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၈ ဦးသေ၊ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျန်းစုက ပေါက်ကွဲမှုအပြီး တရုတ် အစိုးရရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာနက တစ်နိုင်ငံလုံးက မီးရှူးမီးပန်း အရောင်းဆိုင်တွေ၊ ဂိုဒေါင်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပေမယ့် ရက်ပိုင်းအကြာမှာပဲ ဒုတိယမြောက် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့တာပါ။

အာဏာပိုင်တွေကတော့ အဲဒီလို ဆိုင်တွေနားမှာ အရပ်သားပြည်သူတွေက ဆေးလိပ်သောက်တာ၊ မီးမွှေးတာ၊ ဒါမှမဟုတ် ဗြောက်အိုးတွေကို စမ်းသပ်မီးရှို့ကြည့်တာတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တရုတ်က စက်မှုလုပ်ငန်းတွေမှာ လုံခြုံရေး စံနှုန်း အားနည်းချက်တွေကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အခုလထဲမှာ ရှန်းရှီးပြည်နယ်မှာ ဇီဝနည်းပညာ စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။ အလားတူ ဇန်နဝါရီလတုန်းကလည်း အတွင်းမွန်ဂိုလီးယားမှာ သံမဏိစက်ရုံ တစ်ခု ပေါက်ကွဲမှုဖြစ်ပြီး လူ ၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: AFP


Leave a Reply