အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရောက်ဖို့ ၃ ရက်အလို ဖေဖော်ဝါရီ ၁၀ ရက်နေ့ပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကြားကာလပညာသင်ကျောင်းလေးထဲမှာ ဆရာမတွေနဲ့ ကလေးတွေဟာစာသင်ခန်းတစ်ခန်းထဲမှာ စုဝေးနေကြတယ်။မကြာခင် ကျရောက်တော့မယ့် ဗိုလ်ချုပ်မွေးနေ့မှာဂုဏ်ပြုဖို့ “အောင်ဆန်းဇာနည်”ကဗျာနဲ့ “အာရှသူရဲကောင်း”သီချင်းကို ဆရာမတွေက ကလေးတွေအားလုံးကို သင်ပေးနေကြတာပါ။
အဲဒီအချိန် အခန်းထောင့်က ခြင်းလေးထဲမှာထားထားတဲ့ စကားပြောစက် အိုင်ကွန်က တဂျစ်ဂျစ်မြည်လာတယ်။ “ပါရာမော်တာတစ်စီး တက်လာပါတယ်”တဲ့။ ပါရာမော်တာ(စက်တပ်လေထီး) တက်လာတယ်လို့ အိုင်ကွန်ထဲကနေ ကြားလိုက်ရတာနဲ့တပြိုင်နက် ကလေးတွေကို ဗုံးခိုကျင်းထဲ ဝင်ခိုင်းခဲ့ကြတယ်။ပါရာမော်တာဟာရွာရဲ့တောင်ဘက်ခပ်ဝေးဝေးရှိတောနေရာကိုဗုံးသီးလေးလုံးကျဲချသွားတယ်တဲ့။
ပါရာမော်တာပြန်သွားပြီလို့ ကြေညာတာနဲ့ ကလေးတွေကို အတန်းထဲကို ပြန်ဝင်ခိုင်းခဲ့ကြတယ်။ ကလေးတွေကတော့ ကြောက်စိတ်တွေ စဝင်လာခဲ့ပြီ။ “ကျွန်မတို့လည်း တိုက်ပွဲမဖြစ်ဘဲ ထက်ပြီး ဖိုက်တာလာမယ် မထင်ထားလို့ ကလေးတွေကို အိမ်ပြန်မလွှတ်မိပါဘူး။”လို့ အဲဒီကျောင်းက ဆရာမဒေါ်ဖြူဖြူ(အမည်လွှဲ)က ပြောပါတယ်။
ဆရာမတို့ရွာတွေက ရွာအခြေအနေအရ တောအိမ်တွေမှာနေရတဲ့အတွက် ကျောင်းနဲ့ကလေးတွေအိမ်နဲ့က နည်းနည်းဝေးပါတယ်။ တကယ်လို့ ပြန်လွှတ်မယ်ဆိုရင်လည်း အိမ်က ဆိုင်ကယ်အကြိုလာမှ ထည့်ပေးတာပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်ခန်းထဲပဲ ပြန်သွင်းလိုက်ကြတယ်။
ကဗျာနဲ့သီချင်းကို ဆက်သင်နေတုန်း နာရီဝက်လောက်အကြာမှာ အခန်းထောင့်ခြင်းထဲက အိုင်ကွန်က ထမြည်ပြန်ပါတယ်။ “ဂျက်ဖိုက်တာတစ်စီး ခပ်နိမ့်နိမ့်ဖြတ်သန်းလာတယ်”တဲ့။
ဆရာမတွေကော ကဗျာရွတ်နေတာရပ်လိုက်ကြရပြီ။ ဆရာမတစ်ယောက်က သံစည်ပိုင်းကို အဆက်မပြတ် ခေါက်ပြီး ကလေးတွေကို ပုန်းကျင်းထဲ အပြေးဆင်းခိုင်းတယ်။ ကလေးတွေ အကုန်လုံး ကျင်းထဲရောက်ပြီး ဆရာမတွေက ကွင်းဘေး သစ်ပင်အောက်မှာ ကြည့်နေစဉ် ကောင်းကင်တခွင်လုံး လေယာဉ်သံတွေ ကြားလိုက်ရပါတယ်။ ကလေးတွေ ကျင်းထဲ ရောက်ပြီးမှ လေယာဉ် ရောက်လာခဲ့တယ်။
ဆရာမတွေလည်း ကလေးတွေကြားထဲ တစ်ယောက်တစ်နေရာစီ ခုန်ချခဲ့ပြီး ကလေးတွေကို စောင့်ရှောက်တယ်။ ကလေးတွေ မကြောက်ဖို့၊ အနေအထား မှန်နေဖို့ ပြောပေးခဲ့ရတယ်။
ဗုံးကျင်းကလည်း လိုအပ်ချက်တွေ ရှိနေပြီး လုံးဝ ဘေးကင်းလုံခြုံတဲ့ အထဲမှာ မပါပါဘူး။ မြောင်းကျင်းလို ကျင်းပြီး “Z” ပုံ သဏ္ဌာန် ရှိပါတယ်။ ကျင်းက အရမ်းလည်းမနက်ပါဘူးလို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။ “ကျွန်မတို့ ခါး သာသာလောက်ပဲ ရှိပါတယ်။ အပေါ်မှာ အမိုး၊ အဖုံး လည်း မပါပါဘူး။ ကျဉ်းမြောင်းတဲ့အတွက် ဘေးမြေနံရံတွေနဲ့ ထိကပ်နေပါတယ်။ တကယ်တော့ မထိရဘူး ပြောပါတယ်။ ဗုံးကျင်းထဲမှာ လေယာဉ်လာရင် နေရမဲ့ အနေအထားတွေကိုလည်း သိသမျှ လေ့လာထားသမျှ ကလေးတွေကို ပြောပေးပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောတယ်။
ပြီးတော့ အခြားကျောင်းတွေမှာဆို အစောပိုင်းကတည်းက လေယာဉ်လာရင် ဘယ်လို နေရထိုင်ရမယ်ဆိုပြီး အနေအထားတွေကို လက်တွေ့သင်ကြားပို့ချပေးကြပါတယ်။ ဆရာမတို့ကျောင်းမှာတော့ အဲဒီလိုတွေ မလုပ်ခဲ့ရဘူးတဲ့။
“ကျွန်မတို့ ဗုံးကျင်းတူးပြီးတဲ့အချိန်မှာ အဲဒီလို သင်ကြားပေးစေချင်ခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူပြောလို့ ဘယ်ကိုပြောပြီး သင်ပေးခိုင်းရမှန်း မသိလို့ ဒီတိုင်းပဲ နေခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့လည်း လေ့လာပြီး တက်သိမယ့်လူများကိုမေးပြီးပဲ အနည်းအကျဉ်းသာ သိခဲ့သင်ခဲ့ရပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။
“နားကို ပိတ်ထားရမယ်၊ ခေါင်းကို ငုံ့ထားရမယ်၊ တက်နိုင်သမျှ ကျုံ့နေရမယ်၊ ဝပ်နေရမယ်၊ ဒူးနှစ်လုံးကြား ခေါင်းထားရမယ် ဒီလောက်ပဲ သိပါတယ်။ အမှားလည်း ပါရင် ပါမှာပေါ့”လို့ဆရာမဒေါ်ဖြူဖြူက ဆိုပါတယ်။
အဲဒီအချိန် ဆရာမတွေရောကလေးတွေရော အားလုံး ကြောက်နေကြပါပြီ။ ဂျက်ဖိုက်တာက ပထမတစ်ပတ် ပတ် ချပြီးတော့ ကလေးငယ်လေးတွေလည်း ကိုကုန်ကြပြီ။ ဗုံးခိုကျင်းထဲမှာ ဆူညံနေခဲ့ပြီ။ “ဆရာမရေ၊ အမေရေ၊ အဖေရေ”အော်နေရင်း ငိုနေကြပြီ။ ကလေးတွေရဲ့အသံဟာ လေယာဉ်သံလိုပဲ ကျယ်လောင်နေခဲ့တယ်။ ကလေးတွေနဲ့အတူ ဆရာမတွေပါ ငိုမိတယ်။
ဆရာမတွေလည်း ထိတ်ထိတ်ပျာပျာနဲ့ပဲ “သားတို့သမီးတို့မငိုရဘူးနော်၊ မဆူရဘူး၊ ခေါင်းပဲငုံ့ထား၊ နားပိတ်ထား၊ လိမ္မာတယ် ငါ့ကလေးတွေ”စသဖြင့် ချော့မော့နေရတယ်။
လေယာဉ်က ၄၊ ၅ ပတ်လောက် လာတယ်။ တစ်ခါလာရင်း ချရင်းပဲ။ လေယာဉ်အနားရောက်ရင် ဝပ်နေပြီး အဝေးရောက်ရင် ကလေးတွေက ဆရာမတွေကိုအားကိုးတကြီး ခေါ်ပြီး “ဆရာမ ကြောက်တယ်၊ အိမ်ပြန်ချင်တယ်”ဆိုပြီးပြောတယ်။ ဆရာမတွေလည်း “မကြောက်နဲ့နော်၊ ဆရာမတို့ ရှိတယ်၊ ဘာမှကြောက်စရာမလိုဘူး၊ ဘုရားကို အာရုံပြုထား” ဆိုပြီး ဘုရားစာ ရွတ်ခိုင်းနေခဲ့ပါတယ်။
“အဲ့ဒီအချိန်မှာ သင်လက်စ မြန်မာစာအုပ်နဲ့ ဖုန်းပဲ လက်ထဲပါတော(တော့) ကြံရာမရ စာအုပ်လေးနဲ့ပဲ သူတို့လေးတွေအပေါ် လက်နှစ်ဖက်နဲ့အုပ်ပေးလိုက်တယ်။ ကလေးလေးတွေ ကျွန်မတို့ ဆရာမတွေကို အားကိုးတကြီး ဖြစ်နေတဲ့အချိန် ဘယ်လိုကာကွယ်ပေးရမလဲ ကြံရာမရ ဖြစ်နေခဲ့တာပေါ့။”ဆရာမဒေါ်ဝင်းဝင်း(အမည်လွှဲ)က ပြောပြတယ်။
ကလေးတွေကိုသာပြောနေရတာ ဆရာမတွေလည်း ကြောက်ရွံ့စိတ်တွေ ကြီးစိုးလာခဲ့တယ်။ လေယာဉ် ခေါင်းပေါ်တည့်တည့်ဆို ပြောစရာတောင် မလိုတော့ပါဘူး။ ကလေးတွေဟာ ပြားပြားဝပ်ပြီး နားတွေကို ပိတ်ထားလိုက်ကြတာ ကျုံ့ထားလိုက်ကြတာ ဆက်တက်တုန်နေအောင်ထိပဲ။ “သူတို့လေးတွေ ကြောက်နေကြတာ ပြန်တွေးတိုင်း ရင်ထဲနင့်နေတာပဲ။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။
ဆရာမဒေါ်ဝင်းဝင်းကတော့ သမ္ဗုဒ္ဓေဂါထာကို ရှေ့ကဆိုပြပြီး ကလေးတွေကိုလိုက်ဆိုခိုင်းခဲ့တယ်။
“လေယာဉ်တစ်ခါ ပစ်ချလိုက်ရင် ကလေးတွေဆီက “အားကိုးတကြီးနဲ့ “ဆရာမ” လို့ ပြောလိုက်ရင်ပဲ ကျွန်မတို့မှာ ဘုရားစာရွတ်ခိုင်းပြီး လက်နှစ်ဖက်နဲ့ အုပ်မိုးပြီး အားပေးခဲ့ရတာပေါ့။ ကလေးတွေက “ဆရာမ ကြောက်တယ်” လို့ ပြောလိုက်တယ်ဆိုရင်ပဲ ကျွန်မတို့မှာ ပျာယာခတ်ပြီး ဘုရားစာရွတ်ပြီး အားတင်းခိုင်းရပါတယ်။”လို့ ဆရာမဒေါ်ဝင်းဝင်းက ပြောပြတယ်။
ကလေးတွေကို အားပေးရင်း နောက်ထပ်ဆရာမတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်မွန်(အမည်လွှဲ)ကတော့ ငါတို့ဆရာဆရာမတွေနဲ့ကလေးတွေ ကံဆိုးမိုးမှောင်ကျပြီလို့ခံစားလိုက်ရတယ်လို့ပြောပြတယ်။
“လူ့ဘဝမှာ မနေရတော့ပါဘူး သေနေ့စေ့ပြီလို့ ချစ်ရတဲ့ အမေ၊ အဖေ၊ သူငယ်ချင်းတွေနဲ့လဲ ခွဲရတော့မယ်လို့တောင် တွေးခဲ့မိပါတယ်။”လို့ ဆရာမဒေါ်မွန်က ပြောပြတယ်။ ဆရာမဒေါ်မွန် လေယာဉ်ကြီး အမြန်ပြန်ပါတော့သာဆုတောင်းနေမိတယ်လို့ ဆိုတယ်။
အဲဒီအချိန်မှာ မှီခိုရာလည်း မရှိတော့ ဆရာမတို့ ကြောက်ရွံစိုးရိမ်ခဲ့ကြတယ်။ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးနဲ့ ကြောက်စိတ်ကိုဖယ်ရှားရတယ်။
“ကျွန်မတို့တောင် အသံကြားရင် ကြောက်နေခဲ့တာ၊ကလေးတွေဆိုဘယ်လောက်တောင်ကြောက်နေကြမလဲ။ ကြောက်စိတ်နဲ့ ကျွန်မတို့ကိုပဲ အားကိုးတကြီး ကပ်တွယ်နေကြတာ။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။ ကလေးတွေဟာ ဆရာမတွေရဲ့ လက်ကလေးတွေကို အတင်းဆွဲပြီး “သား ကြောက်တယ်၊ သမီး ကြောက်တယ်” ဆိုပြီး ငိုနေခဲ့ကြတယ်။
ဆရာမဒေါ်ဖြူဖြူက “ဘုရားကို အာရုံပြုထား၊ ကလေးတို့က မနက်တိုင်း ဘုရားဖူးတယ်လေ၊ ဘာမှမဖြစ်ဘူး၊ ကုသိုလ်တွေ အများကြီး လုပ်ထားတာ” ဆိုပြီး အားပေးရတယ်။ ပြီးတော့ “လေယာဉ်က ဒီတစ်ပတ်ပြီးရင် ပြန်ပြီနော် မကြောက်နဲ့နော်၊ ဆရာမတို့ ဆီမချဘူး၊ တခြားတစ်နေရာ ချတာပါ”ဆိုပြီး အားတင်းပြီး ကြိုမသိတဲ့ အရာကို မုသားနှောပြီး အားပေးနေရတယ်။
မလုံနိုင်မှန်းသိပေမဲ့ ဆရာမတွေဟာ ကလေးတွေအပေါ် လက်ကလေးတွေ မိုးပေးရတယ်။ ဆတ်ဆတ်တုန်အောင် ကြောက်နေတဲ့ ကလေးတွေ လက်ကလေးတွေကို တင်းတင်းဆုပ်ပေးပြီး အားပေးရတယ်။
“၁၅ မိနစ်လောက် ဆိုပေမဲ့ ကိုယ်တွေရော ကလေးတွေပါ စိတ်ဒဏ်ရာအပြည့်နဲ့ နောက် လေယာဉ်လာရင်ကို နားစွင့်ပြီး အိမ်တွေထဲတွေမှာ မနေရဲတော့ပါဘူး။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။
ကလေးတွေတင်မကဘူးဆရာမအချင်းချင်းလည်း ဖေးမခဲ့ရတယ်။ ဆရာမတို့ အပေါ်ကို မော့မကြည့်ရဲခဲ့ဘူး။ “ကလေးတွေရော ကိုယ်ပါ တည့်တည့်ကြီးသာ ကိုယ့်အပေါ်ချသွားရင်ဆိုတဲ့ အတွေးနဲ့ မောမကြည့်ရဲခဲ့ပါဘူး။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။
လေယာဉ်ပြန်သွားရင် ခေါင်းလေးတွေ ထောင်နိုင်ပြီး အသက်ဝအောင် ရှူခိုင်းရတယ်။ လေယာဉ်သံက အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကိုယ့်အပေါ်မှာပဲ ဝဲနေတယ်လို့ ထင်ရတယ်။ ဒါကြောင့် ကလေးတွေမှာ နားထဲကို လက်နဲ့ အားကုန်ပိတ်ထားကြတယ်။ ကလေးမိဘတွေကလည်း ဖုန်းတွေအများကြီး ခေါ်ကြတယ်။ မိဘတွေလည်း ဘယ်လောက်စိတ်ပူနေကြမလဲ။ ဆရာမတို့လည်း ကြောက်ဇောနဲ့ ဖုန်းလာတာတွေလည်း မကိုင်နိုင်ပါဘူး။ ကလေးတွေကိုပဲ စိတ်ပူပြီး ဂရုစိုက်နေကြရတယ်။ “ငါတို့အပေါ် ငါတို့ကလေးတွေအပေါ်သာ ကျခဲ့ရင်ဆိုတဲ့ အတွေးတွေလည်း ဝင်လာပြီး အရမ်းကြောက်ခဲ့ရပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။
ဒီဖြစ်စဉ်က ဆရာမတို့အတွက်တော့ ပထမဆုံးပါ။
“ကျွန်မတောင် အားငယ်စိတ်တွေ ကြောက်နေခဲ့တာ။ သူတို့လေးတွေဆို ဘယ်လောက်များ ကြောက်လန့်နေမလဲဆိုတာ တွေးကြည့်လိုက်တိုင်း တဆက်ဆက် တုန်မိပါတယ်။”လို့ ဆရာမဒေါ်ဝင်းဝင်းက ပြောပြတယ်။
“ကလေးတွေဟာ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာအပြည့် ရနေကြတာ။ လေယာဉ်ချသံကြားတာနဲ့ ဆရာမတွေရော၊ ကလေးတွေပါ အာမေဋိတ်သံအမျိုးမျိုးထွက်ပြီး မျက်စိမှိတ် နားပိတ်နေရတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပါတယ်။
ဆရာမဒေါ်ဖြူဖြူဟာ ငါမကြောက်ဘူးဆိုတဲ့ စိတ်မွေးထားပေမဲ့ ခေါင်းတွေလည်း ပူထူနေခဲ့တယ်။ နောက်ဆုံး ကံကောင်းထောက်မစွာ ဆရာမတို့ကျောင်းကလေး ဘေးကင်းခဲ့ပါတယ်။ “ကလေးတွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးခဲ့ပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပါတယ်။
လေယာဉ်ပြန်ပြီး တော်တော်ကြာသည်အထိ ကလေးတွေကို အားပေးရင်း စိတ်ချရပြီဆိုကာမှ ပြန်ထွက်ခိုင်းပြီး အိမ်ပြန်ခိုင်းခဲ့တယ်။
အဲဒီနေ့က လေကြောင်းတိုက်ခိုက်မှုဟာ ပေါက်မြို့နယ်၊ ချက်ကန်ရွာက အိမ်ဆိုင်လေးတစ်ဆိုင်ကို တိုက်ခိုက်ခဲ့တာပါ။ ဈေးဝယ်လာသူတွေအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
“အဲ့နေ့က အဖြစ်အပျက်ကြီးကို ပြန်စဉ်းစားတိုင်း အချိန်ထိ လန့်နေတုန်းပါပဲ။ ခြေတွေလက်တွေ တုန်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ်ခဲ့ရတယ်။”လို့ ဆရာမဒေါ်မွန်က ရင်ဖွင့်တယ်။ အသက်ရှင်သန်ခွင့်ရခဲ့လို့ ဝမ်းသာမိပေမဲ့ ထိခိုက်သူတွေအတွက် ဆရာမတို့ ဝမ်းနည်းခဲ့ကြတယ်။
“ကျွန်မတို့ ဆရာမတွေနဲ့ ကလေးတွေ အခုလို အသက်ရှင်ခွင့်ရလို့လည်း ဝမ်းသာမိပါတယ်။ ကလေးတွေ ပညာရေးအတွက်တော့ စိတ်မကောင်းဖြစ်မိတာပေါ့။ရှေ့ဆက်ပြီးမြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။”လို့ ဆရာမဒေါ်မွန်က ပြောလိုက်ပါတယ်။
People’s Spring


Leave a Reply