ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးသည် စစ်ကော်မရှင်နှင့် ပူးပေါင်းသွားပြီးနောက် ၎င်းနှင့် အဆက်အသွယ်ရှိခဲ့သူအချို့ကို မြို့အချို့တွင် စစ်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗိုလ်နဂါးသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကော်မရှင်ထံသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပူးပေါင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ချက်ချင်းပေါ်ပေါက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ အရေအတွက်နှင့် အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဗိုလ်နဂါး စစ်ကော်မရှင်နှင့် ပူးပေါင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ နေရာအချို့ကိုလည်း စစ်ကော်မရှင်တပ်က ဖေဖေါ်ဝါရီလ ၁၈ ရက် ညနေ ၄နာရီခွဲတွင် ပါရာမော်တာ နှစ်စီးဖြင့် တစ်ကြိမ်၊ ည ၈နာရီခွဲခန့်အချိန်တွင် ပါရာမော်တာ တစ်စီးနဲ့ တစ်ကြိမ်၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ကိုဇော်ထက်က လူမှုကွန်ရက်မှတစ်ဆင့် သတိပေးနှိုးဆော်ထားသည်။

ယခင်က ယင်းမာပင်ခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့စခန်းများနှင့် ပအဖ ဂိတ်စခန်းများ လေကြောင်းမှ တိုက်ခိုက်ခံရခြင်းမှာလည်း ဗိုလ်နဂါး၏ သတင်းပေးပို့မှုများကြောင့်ဖြစ်ပြီး နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ၎င်းက ဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ ဗိုလ်နဂါးနှင့်အဖွဲ့သည် သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု အပါအဝင် ရာဇဝတ်မှုပေါင်း ၇ မှု ကျူးလွန်ထားသဖြင့် ဖမ်းဆီးအရေးယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးစဉ်အတွင်း BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် NUG ထံသို့ လက်နက်ချ လာရောက်ပူးပေါင်းခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *